A d v e r t i s e m e n t With Us

ဘရာဇီးအကျဉ်းထောင်တွင် အဓိကရုဏ်းဖြစ်ပွားပြီး ထောင်သား ၅၀ ကျော်သေဆုံး 

ဘရာဇီးနိုင်ငံမြောက်ပိုင်း၊ ပါရာပြည်နယ်မှာ  ဇူလိုင်၂၉ရက်က ထောင်တွင်း အဓိကရုဏ်း ဖြစ်ပွားပြီး ထောင်သား ၅၂ယောက်ထက် မနည်းသေဆုံးသွားကာ သူတို့ထဲက ၁၆ယောက်က ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပြတ်တောက် ကုန်တယ်လို့ ထောင်အာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ ပြိုင်ဘက် ရာဇဝတ် ဂိုဏ်းသားချင်း ရန်ပွဲဖြစ်ပြီးနောက်မှာ  ထောင် အရာရှိ ၂ယောက်ကို ပြန်ပေးဆွဲထားရင်း အဓိကရုဏ်း ဖြစ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဘရာဇီးနိုင်ငံက ထောင်တွေထဲမှာ အကျဉ်းသား အရေအတွက်ဟာ နှစ်၃၀ အတွင်း ၈ဆ တိုးပြီးခုတော့ ထောင်သား ၇သိန်းခွဲထိ ရှိလာကာ  ကမ္ဘာမှာ တတိယ ထောင်သားအများဆုံး နိုင်ငံ ဖြစ်လာပါတယ်။ ထောင်ကျ ဂိုဏ်းသားတွေရဲ့ သြဇာဟာလည်း ထောင်နံရံတွေ အပြင်ထိ ကျော်ထွက် ပေါက်ရောက် နေကြပါတယ်။  ဘရာဇီး လက်ယာစွန်း သမ္မတ ဘော်စိုနာရိုကလည်း ထောင်တွေကို တိုးချဲ့ တည်ဆောက်ရင်း ပိုတင်းတင်းကြပ်ကြပ် ထိန်းချုပ်ချင်တယ်လို့ ပြောထားပါတယ်။ ၂၀၁၇ ဇန်နဝါရီလ တုန်းက ဒေသန္တရ ဂိုဏ်းလေးတွေကို ကျောထောက် နောက်ခံ ပေးထားတဲ့ ဘရာဇီးရဲ့ အကြီးဆုံး မူးယစ်ဂိုဏ်း ၂ခုကြား တိုက်ပွဲကြောင့် ထောင်အတော်များများမှာ ၃ပတ်ကြာ အဓိကရုဏ်း ဖြစ်ပွားခဲ့လို့ ထောင်သား အယောက် ၁၅၀ နီးပါး သေဆုံးခဲ့ပါတယ်။  ပြီးခဲ့တဲ့ မေလက မာနောက်စ်မြို့က အကျဉ်းထောင်အတွင်း သွားပွတ်တံနဲ့ အသေထိုးသတ်တာ၊ လည်ပင်းညှစ်တာတွေကြောင့် ထောင်သား ၁၅ယောက်ထက် မနည်း သေဆုံးခဲ့ ပါသေးတယ်။  ဓာတ်ပုံ- ရိုက်တာ

A d v e r t i s e m e n t With Us

More News
Up