Home
မြန်မာသတင်း
သရေခေတ္တရာ ပျူမြို့ဟောင်း နန်းမြို့ရိုး ပေ ၃၀ ခန့် ပြိုကျ  
မင်းညို
·
July 30, 2019
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း သရေခေတ္တရာနန်းမြို့ရိုး အရှေ့ဘက်အခြမ်းမှာ ပေ ၃၀ လောက်ပြိုကျသွားခဲ့တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ခုရက်ပိုင်းအတွင်း မိုးရက်ဆက်ရွာသွန်းနေပြီး ဇူလိုင်လ ၃၀ရက်နေ့ မနက် ၄ နာရီအချိန်လောက်က သရေခေတ္တရာ နန်းမြို့အုပ်ရိုးပြိုကျခဲ့တာဖြစ်ပြီး ပြိုကျတဲ့ အုပ်ရိုးဟာ မျက်မှောက်ခေတ်လက်ရာ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကိုကိုးကားပြီး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုညွှန်မှူး ဦးကျော်မျိုးမင်းက “ဒီမြို့ရိုးကြီးက ပြီးခဲ့တဲ့၂၀၁၈ စက်တင်ဘာလတုန်းကလည်း နေရာတချို့မှာ  ဗိုက်ပူလာတာတွေ ပက်ကြားအက်တွေဖြစ်ပြီး တချို့နေရာတွေမှာ ပြိုကျမှုတွေ တခါဖြစ်ပေါ်ခဲ့ပြီး အဲဒီ မတိုင်ခင်က တည်းက ထိန်းသိမ်းဖို့ လိုအပ်နေတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားခဲ့ပေမယ့် ဆောင်ရွက်ဖို့ ဘတ်ဂျက်ချပေးတာ မရှိဘူး။ ဌာနအနေနဲ့ ဖြစ်သလို ထိမ်းသိမ်းနေရတယ်။ အခုလည်း ဒီအတိုင်းပဲ ဆက်ထားရင် အခြေအနေ ဒီထက်ဆိုးလာနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ပြိုကျသွားတဲ့ အုပ်ရိုးနေရာဟာ သရေခေတ္တရာမြို့ဟောင်းထဲက မှော်ဇာကျေးရွာ ပြတိုက် အနောက်ဘက်က ရွှေနန်းတော်ဦးကျောင်းဘေးမှာရှိပြီး  အမြင့် ၇ ပေ ၂ လက်မနဲ့ ထုထည် ၂၂ လက်မ ရှိကာ အရှည် ပေ ၅၀၀ ခန့်ရှိတဲ့အထဲက ပေ ၃၀ လောက် ပြိုကျသွားတာပါ။ မှော်ဇာကျေးရွာ ဒေသခံ ကိုသန်းထိုက်က “ဒီအတိုင်းထားရင် ဒီအုပ်ရိုးတခုလုံး ပြိုကျသွားတော့မှာ ဘေးမှာလမ်းကရှိနေတော့ ကားတွေကသွားနေတော့ အဲဒီတုန်ခါမှုကလည်း ထိခိုက်တယ်။ နောက်ဒီဟာက အခုခေတ် အုတ်တွေနဲ့ညှပ်ပြီး ထိန်းထားရတာ။ အခု အစိုးရ လက်ထက်မှာတော့ ထိန်းသိမ်းမှုတွေ ဆက်မလုပ်ကြတော့ ကြာရင်အခြေအနေက ပိုစိုးလာနိုင်တယ်”လို့ ပြောပါတယ်။ ပျူမြို့ဟောင်း (၃)မြို့ဖြစ်တဲ့  ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာမြို့ဟောင်းတွေဟာ ၂၀၁၄ ခုနှစ်က  ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ရှေးဟောင်း အမွေအနှစ်ဒေသတခုဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024