တိုက်လေယာဉ် စမ်းသပ်လေ့ကျင့်၊ အသံကျယ်လွန်းသဖြင့် ဒေသခံများ ထိတ်လန့်
DVB
·
July 29, 2019
မြန်မာ့တပ်မတော်က ဇူလိုင် ၂၉ ရက်မနက်က တိုက်လေယာဉ် စမ်းသပ်လေ့ကျင့်ပျံသန်းခဲ့ တာကြောင့် ဧရာဝတီတိုင်း ဟင်္သာတခရိုင်အတွင်းက ဒေသခံတွေ အထိတ်တလန့်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလိုစမ်းသပ်ရာမှာ အသံကျယ်လောင်လွန်းတာကြောင့် ကျေးရွာအချို့က ဒေသခံတွေဟာ လေယာဉ်ပျက်ကျတယ်ထင်ပြီး အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ အင်္ဂပူမြို့နယ် မဲဇလီကုန်းကျေးရွာနေ ကိုဖိုးထွန်းက ပြောပါတယ်။
"အသံအကျယ်ကြီး ကြားလိုက်ရတာ အိမ်တွေတောင် တုန်သွားတယ်။ ပထမပိုင်း လေယာဉ်ပျံ ပျက်ကျတယ်ဆိုပြီး ဟိုနေရာက အသံထွက် ဒီနေရာက အသံထွက်လာတယ်လေ။ ကွင်းကောက်နားမှာပဲ လေယာဉ်ပျံပျက်ကျလို့ ဆိုပြီး လူတွေ ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်ဗျ။ ကြားရတာကတော့ ဟသာင်္တ တခရိုင်လုံး နီးပါးပါပဲ" လို့ ပြောပါတယ်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာလေယာဉ်စမ်းသပ်မောင်းနှင်တာ ဟုတ်မှန်တယ်လို့ ပြောပါတယ်။
"စမ်းသပ်လေ့ကျင့်တာ မှန်တယ်။ အစမ်းလေ့ကျင့်တာတွေ တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲပါတယ်။ ပြည်သူတွေကိုလည်း ကောလာဟလတွေ မယုံဖို့လိုပါတယ်။ နယ်လုံဝန်ကြီးရုံးကို ဖုန်းဆက်ပြီး မေးပြီသားပါ၊ လေယာဉ်စမ်းသပ်တာပါ။”
ကွင်းကောက်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က "ဟုတ်တယ်။ ပထမကျနော်တို့ ကွင်းကောက်မှာပဲ လေယာဉ်ပျက်ကျတယ်ဆိုပြီး ပြောကြတာ၊ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ကျနော်က ခုထွေအုပ် လပတ်အစည်းအဝေး တက်နေတာလေ။ နောက်တော့ တိုင်းအစိုးရကို နယ်လုံဝန်ကြီးရဲ့ အစီရင်ခံစာမှာ ရုရှားက ဝယ်ထားတဲ့ အသံထက်သုံးဆမြန်တဲ့ တိုက်လေယာဉ် စမ်းသပ်မောင်းနှင်တာလို့ သိရတယ်။ နောက်နေ့လည်း ပျံဦးမယ်လို့ကြားရပါတယ်” လို့ ပြောပါတယ်။
တိုက်လေယာဉ်စမ်းသပ်ပျံသန်းမှုနဲ့ ပတ်သက်ပြီး တပ်မတော်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ဧရာဝတီတိုင်း အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။
သတင်း- သန်းထိုက်မြင့်