နယူးယောက်နှ်င့် ကယ်လီဖိုးနီးယားပြည်နယ် ပစ်ခတ်မှုအတွင်း သေဆုံးသူ ၅ ဦးအထိရှိ

3.1K
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နဲ့ ကာလီဖိုးနီးယား ပြည်နယ်တွေအတွင်း ဇူလိုင် ၂၈ ရက် တရက်တည်းမှာတင် ပစ်ခတ်မှုတွေကြောင့် လူသေဆုံး ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
နယူးယောက်ပြည်နယ် နယူးယောက်မြို့ ကလေးကစားကွင်းနားမှာ ညဥ့်နက်ချိန် ပစ်ခတ်မှုကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ၁၂ယောက် ဒဏ်ရာရတယ်၊ ၆ ယောက်ကို ဆေးရုံတင်ထားရပြီး တချို့က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ အမေရိကန် သတင်းဌာန အတော်များများက ဖော်ပြကြပါတယ်။
ဘရွတ်ကလင်းနယ်မြေ ဘရောင်းစ်ဗယ်လီ ရပ်ကွက်မှာ နှစ်စဉ်ကျင်းပနေကျ "Oldtimers Day Celebration" မိတ်ဆုံစားပွဲ ကျင်းပတဲ့ နေရာမှာ ပစ်ခတ်ခဲ့တာလို့ NBC သတင်းဌာနက ကြေညာပါတယ်။
ကာလီဖိုးနီးယားပြည်နယ် စန်ဟိုဆေးမြို့ တောင်ဘက်က ၃ ရက်ကြာ ကျင်းပတဲ့ အစားအသောက်ပွဲတော်တခုမှာ ပစ်ခတ်မှုကြောင့် သေနတ်သမားလို့ သံသယရှိသူ အပါအဝင် လူ ၄ ယောက် သေဆုံးတယ်၊ ၁၅ ယောက် ဒဏ်ရာရတယ်လို့ ပြည်နယ်ရဲချုပ် စကော့စမစ်တီက ပြောပါတယ်။
ပစ်ခတ်နေချိန်မှာ လူတွေ အကာအကွယ်ရဖို့ ပြေးလွှားနေတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက် အင်တာနက်ပေါ် ရောက်လာပါတယ်။
ဂီလ်ရွိုင် ကြက်သွန်ဖြူပွဲတော်မှာ ပစ်ခတ်မှုအပြီး လူ ၁၁ ယောက် ကျည်ထိမှန်ခဲ့တယ်လို့ လူနာတင်ယာဉ် ဝန်ထမ်းတွေကို ကိုးကားပြီး NBC သတင်းဌာနက အစောပိုင်းမှာ ပြောပါတယ်။
ဒီပွဲတော်မှာ အစားအသောက်တွေအပြင် တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အချက်အပြုတ် ပြိုင်ပွဲတွေလည်း ပါပါတယ်။
လုပ်အားပေးတွေက တည်ခင်းတဲ့ဒီပွဲဟာ ကမ္ဘာ့အကြီးဆုံး နွေရာသီ အစားအသောက် ပွဲတော်လို့ သူတို့ကိုယ်သူတို့ ရည်ညွှန်း ဖော်ပြပါတယ်။
ခရစ်စမတ်ဟီးလ် ပန်းခြံထဲမှာ ကျင်းပတဲ့ ဒီပွဲတော်ကို ဘယ်လိုလက်နက်မျိုးမှ ယူလာလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်လို့ ပွဲတော်ရဲ့ အင်တာနက် စာမျက်နှာက ဖော်ပြထားပါတယ်။