လစာမြင့်မားသည့် ဒန်နီဝဲလ်ဘက်ကို ခေါ်ယူမည့်အသင်း မရှိသေး
အင်္ဂလန်တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်ဟာ မကြာခဏ ဒဏ်ရာရရှိတာအပြင် လုပ်ခလစာ အများကြီး ပေးချေရမယ့် အခြေအနေတွေကြောင့် ခေါ်ယူလိုတဲ့အသင်း မရှိသေးဘဲ ဖြစ်နေပါတယ်။
အသက် ၂၈ နှစ်ရှိ ဝဲလ်ဘက်ဟာ မန်ယူ အကယ်ဒမီထွက် ကစားသမားတဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်က အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
အာဆင်နယ်အသင်းနဲ့ ၅ နှစ်ကြာကာလအတွင်း စုစုပေါင်း ၁၂၆ ပွဲသာ ကစားခဲ့ရပြီး ၃၂ ဂိုး သွင်းခဲ့ပါတယ်။
ဒါပေမယ့်လည်း မကြာခဏ ဒဏ်ရာရရှိခဲ့တာတွေကြောင့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ် ၁၂၃ ပွဲအထိ လွဲချော်ခဲ့ပါတယ်။
ဝဲလ်ဘက်ဟာ ဒဏ်ရာမကြာခဏ ရတတ်သူဖြစ်သလို သူ့ကိုခေါ်ယူလိုတဲ့အသင်းတွေ အနေနဲ့ တပတ်လုပ်ခ ပေါင်တသိန်းနဲ့ လက်မှတ်ထိုးကြေး ပေါင်ငါးသန်း ပေးချေရမှာဖြစ်လို့ လက်ရှိအချိန်ထိ အသင်းသစ်ရှာမတွေ့သေးဘဲ ဖြစ်နေပါတယ်။