လက်စတာစီးတီးအသင်းဟာ နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ ထိ ပိုပြီးလိုချင်နေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ကြန့်ကြာနေတာလို့ သိရပါတယ်။
ယူနိုက်တက်ဘက်က မက်ဂွိုင်းယားအတွက် ပေါင် ၇၂ သန်း အပါအဝင် အသင်းရဲ့ လာမယ့်ရာသီ အောင်မြင်မှုအပေါ် မူတည်ပြီး အပိုဆုကြေးငွေတွေနဲ့ ကမ်းလှမ်းခဲ့တာပါ။
လက်စတာစီးတီးအသင်းကတော့ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆုဖလားရရှိမှုအပေါ် မယုံကြည်နိုင်တာကြောင့် ပေါင်သန်း ၈၀ ကျော်ထိ လိုချင်နေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ၆ ရာသီမှာ ၃ ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။
မက်ဂွိုင်းယားရဲ့ အပြောင်းအရွှေ့ဟာ အခုကာလမှာ ဖြစ်နိုင်ချေနည်းနေပြီး ကစားသမားဟာလည်း သက်ဆိုင်ရာအသင်းနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေမှာ စတင်ပါဝင်နေပြီလို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်တလောအချိန်အထိ ဝမ်ဘစ်ဆာခါနဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ကိုသာ ခေါ်ယူထားပြီး စပါးအသင်းက အဲရစ်ဆင်နဲ့ လက်စတာစီးတီးအသင်းက မက်ဂွိုင်းယားတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
ဆဲလ်တစ်အသင်းရဲ့ ကစားသမား တီယာနေးကို ပေါင် ၂၅ သန်းနဲ့ အောင်မြင်မှုအပေါ် မူတည်တဲ့ အပိုဆုကြေးပေး ခေါ်ယူလိုတဲ့ အာဆင်နယ်အသင်းလည်း အလားတူ အခက်အခဲမျိုး ရင်ဆိုင်နေရတယ်လို့ ဒေးလီးမေးလ်မှာ ဖော်ပြပါတယ်။