ပထမဆုံးယောက်ျားလေး မွေးသူကို ဆုချမည့် ပိုလန်ရွာ

1.1K
ပိုလန်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ရွာငယ်လေး မီဂျစ်အော်ဇန်ဆစ်မှာ ပထမဆုံး သားယောက်ျားလေးမွေးတဲ့ ပထမဆုံးသောစုံတွဲကို ဆုချီးမြှင့်သွားမယ်လို့ မကြာသေးခင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အကြောင်းကတော့ ဒီရွာလေးမှာပြီးခဲ့တဲ့ ၉ နှစ်အတွင်း သားယောက်ျားလေးမွေးဖွားမှု လုံးဝမရှိခဲ့ဘဲ ရွာသူရွာသားအများစုဟာလည်း အမျိုးသမီးတွေဖြစ်နေတယ်လို့ ဇူလိုင် ၂၅ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။
သားယောက်ျားလေး မမွေးဖွားမှုဟာ မီဂျစ်အော်ဇန်ဆစ်ရွာလေးရဲ့ ကာလရှည်ပဟေဋိ တခုဖြစ်ပြီးတော့ ဘယ်သူကမှလည်း ဒီပြဿနာရဲ့အဖြေကိုမသိသေးပါဘူး။
ဒီရွာလေးမှာ နောက်ဆုံးမွေးဖွားခဲ့တဲ့ ယောက်ျားလေးဟာ အခုချိန်မှာ အသက် ၁၂ နှစ်ရှိနေပြီဖြစ်ပြီး ဒေသခံအများစုဟာလည်း သူတို့သက်တမ်းတလျှောက်မျာ ယောက်ျားလေး မွေးတာကို မတွေ့ရသလောက်ရှိတယ်လို့ ဆိုပါတယ်။
“ရွာရဲ့သမိုင်းကြောင်းနဲ့ မွေးစာရင်းတွေကို ကြည့်မယ်ဆိုရင်လည်း ယောက်ျားလေး မွေးဖွားတာဟာ ရှားပါးဖြစ်စဉ်တခုအဖြစ်ရှိနေပြီး ဒီလိုအခြေအနေတွေကြောင့်ပဲ သားယောက်ျားလေး မွေးဖွားတဲ့ စုံတွဲကို ဆုချီမြှင့်ဖို့စီစဉ်ရတာ” လို့ ဒီရွာရှိတဲ့ မြို့တော်ဝန်က ပြောပါတယ်။
ဒီရွာလေးဟာ အမျိုးသမီးဦးရေ အဆမတန်များပြားနေတာကြောင့် မီးသတ်အဖွဲ့ကိုတောင် အမျိုးသမီးတွေ ပါဝင်ဖွဲစည်းထားရပါတယ်။
“ကျနော့်မှာ သမီးနှစ်ယောက်ရှိပါတယ်။ ကျနော်လည်း သားယောက်ျားလေး တယောက်လောက်လိုချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဒေသရဲ့ အခြေအနေတွေအရတော့ ဒါဟာ အရမ်းကိုခက်ခဲလွန်းနေပါတယ်” လို့ ရွာရဲ့မီးသတ်အဖွဲ့ခေါင်းဆောင် ကပြောပါတယ်။
မီဂျစ် အော်ဇန်ဆစ်ရွာလေးရဲ့ ပြသနာဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ပိုလန်သတင်း မီဒီယာတွေထက်မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရပြီး ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ဟိုးအရင်တုန်းက သမိုင်းကြောင်း အခြေအနေတွေနဲ့ မွေးစာရင်းတွေကို ကြည့်ရှုအဖြေရှာရမယ်လို့ ဝါဆောတက္ကသိုလ်က မျိုးရိုးဗီဇဆိုင်ရာ ပညာရှင်တဦးကပြောတယ်။
လက်ရှိအချိန်အထိ ရွာလေးရဲ့ အမျိုးသားရှားပါးမှုပြသနာကို အဖြေရှာနိုင်သေးခြင်းမရှိဘဲ ရွာလေးထဲက စုံတွဲတွေကို သားယောက်ျားလေးမွေးဖွားဖို့ တိုက်တွန်းတဲ့အနေနဲ့ ဆုပေးမယ့် အစီစဉ်ကို စတင်ရတာလို့လည်း မြို့တော်ဝန်ကပြောပါတယ်။
လက်ရှိအချိန်အထိ ဘာဆုဖြစ်မလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် ဒီဆုဟာ စိတ်ဝင်စားစရာဖြစ်လာမယ်လို့ အာမခံကြောင်းလည်း မြို့တော်ဝန်ကပြောပါတယ်။