အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ရာသီမပိတ်မီ လိုင်လီအသင်းရဲ့ တိုက်စစ်မှူး နီကိုလပ်စ်ပီပီကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီ လို့သိရပါတယ်။
ပီပီကိုခေါ်ယူဖို့ ပေါင် ၇၂ သန်းအပြင် အေးဂျင့်ကြေး ပေါင် ၉ သန်း၊ တနှစ်လုပ်ခ ပေါင် ၄.၅ သန်းနဲ့ ကမ်းလှမ်းခဲ့တဲ့ အာဆင်နယ်အသင်းဟာ ၄၈ နာရီအတွင်း အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေတယ်လို့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
ပီပီဟာ ညတောင်ပံမှာလည်း ကစားနိုင်သလို တိုက်စစ်မှူးအဖြစ်လည်း အသုံးပြုနိုင်တဲ့ ကစားသမားဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကလွဲလို့ အခြား ပရီးမီးယားလိဂ် အသင်းကြီး ၅ သင်းစလုံးက စိတ်ဝင်စားခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
နောက်ဆုံးအချိန်ထိ အီတလီစီးရီးအေကလပ် နာပိုလီအသင်းနဲ့ အပြိုင်ကြိုးပမ်းခဲ့ရပြီး ကစားသမားကိုယ်တိုင်က နာပိုလီအသင်းကို ငြင်းဆန်ခဲ့လို့ အာဆင်နယ်ကို ရောက်ရှိဖို့ နီးစပ်ကြောင်း သတင်းတွေက ဖော်ပြလာခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်းအတွက် ၂၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် ဖန်တီးထားတဲ့ ပီပီဟာ နည်းပြ အူနိုင်းအန်မေရီ လိုအပ်နေတဲ့ ကစားသမားဖြစ်ပြီးတော့ အသင်းပိုင်ရှင် ခရွန်ကီရဲ့ စကားတည်မတည်ဆိုတာ သက်သေပြရမယ့် အပြောင်းအရွှေ့ တခုဖြစ်တယ်လို့ အာဆင်နယ်ပရိသတ်တွေက ပြောကြားထားပါတယ်။