လစ်ဗျား ကမ်းရိုးတန်းတွင် အလောင်း ၆၂ လောင်း ဆယ်ယူရရှိ၊ ၁၀၀ ကျော် ပျောက်ဆုံးနေ

လစ်ဗျားနိုင်ငံ ဟွန်းမ်စ်မြို့ ကမ်းရိုးတန်းကနေ အလောင်း ၆၂ လောင်းကို ဆယ်ယူ ရရှိထားပြီလို့ လခြမ်းနီအသင်းရဲ့ ကူညီရေးလုပ်သားက ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်လာတဲ့ သစ်သားလှေတစီး ဇူလိုင် ၂၅ ရက်က နစ်မြုပ်ခဲ့တာပါ။ လူ ၁၁၅ ယောက် ပျောက်ဆုံးနေပြီး ရှာဖွေရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်နေပါတယ်။ တခြားလူ ၁၃၄ ယောက်ကိုတော့ လစ်ဗျားကမ်းရိုးတန်းစောင့်တပ်နဲ့ ဒေသခံ ငါးဖမ်းသမားတွေက ကယ်ဆယ်ခဲ့ပါတယ်။ လူအယောက် ၁၅၀ လောက် သေနိုင်တယ်၊ မြေထဲပင်လယ် ထဲမှာ ဒီနှစ်အတွင်း အဆိုးဆုံး ကပ်ဘေးပဲလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အစောပိုင်းမှာ ပြောပါတယ်။ အီရီထရီးယား၊ အာရပ်နဲ့ ဆဟာရ အာဖရိက ဒေသတွေက ရွှေ့ပြောင်းနေထိုင်သူ အယောက် ၃၅၀ လောက် လှေပေါ်မှာ ပါလာတယ်လို့ လခြမ်းနီအသင်း ဝန်ထမ်းတယောက်က ပြောပါတယ်။ လှေဟာ လစ်ဗျားမြို့တော် ထရီပိုလီရဲ့ ဟွန်းမ်စ်မြို့နား ကမ်းရိုးတန်းမှာ နစ်မြုပ်ခဲ့တာလို့ လစ်ဗျားရေတပ် ပြောခွင့်ရက ပြောပါတယ်။ လစ်ဗျားနိုင်ငံဟာ လှေစီးရင်း ဥရောပကို ရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းနေထိုင် သူတွေနဲ့ ဒုက္ခသည်တွေအတွက် အချက်အခြာ နိုင်ငံလည်း ဖြစ်နေပါတယ်။

More News
Up