သူဌေးကျွန်း ဟိုတယ်ဝန်ထမ်း ဖိလစ်ပိုင်နိုင်ငံသား မသမာမှုပြုလုပ်သဖြင့် အလုပ်ထုတ်ခံရ

1.2K
ကော့သောင်းမြို့နယ် ရေပြင်ပိုင်နက် သူဌေးကျွန်း Grand Andaman Hotel ရှိကာစီနို ကစားဝိုင်းမှာ Dealer အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတဦးဟာ လာရောက် ကစားတဲ့ ဧည့်သည် ထိုင်းနိုင်ငံသားနဲ့ ပူးပေါင်းပြီး မသမာမှုတွေ ပြုလုပ်ခဲ့လို့ အလုပ်က ထုတ်ခဲ့တယ်လို့ ဟိုတယ်တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံသားဝန်ထမ်းနဲ့ ပတ်သက်ပြီး အလုပ်ရှင်ဖြစ်သူက CCTV မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးရာမှာ အပြစ်ကျူးလွန်ကြောင်းပေါ်ပေါက်တဲ့အပြင် ဖဲလိမ်ပေးပြီးနောက် ခွဲတမ်း ဆင်းယူနေတဲ့ မှတ်တမ်းတွေကိုပါ စစ်ဆေးတွေ့ရှိရတဲ့အတွက် အလုပ်မှ ထုတ်ပယ်လိုက်တာပါ။
“အလုပ်ကနေထုတ်လိုက်ပြီး ချက်ချင်းသွားလို့ မရသေးတာက သူ့ဗီဇာစာအုပ်က ရန်ကုန်မှာ သက်တမ်းတိုးခိုင်းထားတယ်။ ဒီတော့ စာအုပ်ကို ပြန်ယူခိုင်းပြီး ဒီနေ့ ၂၇ ရက်နေ့မှာ ထိုင်းနိုင်ငံကနေတဆင့် ပြန်သွားပါပြီ” လို့ ဟိုတယ်တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီလိုထုတ်ပယ်ခြင်းခံရသူဟာ အခြား ဟိုတယ်တွေနဲ့ အခြားကစားဝိုင်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့် မရှိတော့ဘူးလို့လည်း သိရပါတယ်။