မလေးရှား ဘုရင်သစ် နန်းတက်ပွဲ ဇူလိုင် ၃ဝ တွင် ကျင်းပမည်

1K
မလေးရှားနိုင်ငံမှာ ဘုရင်သစ် အယ်လ်ဆူလ်တန် အဗ်ဒူလာရဲ့ နန်းတက်ပွဲကို ဇူလိုင် ၃၀ မှာ ကျင်းပတော့မှာပါ။
မလေးရှားနိုင်ငံ စည်းမျဉ်းခံ ဘုရင်စနစ်ရဲ့ ၁၆ ယောက်မြောက်ဘုရင်ကို ဇန်နဝါရီလက ရွေးချယ်ခဲ့ပါတယ်။
ဘုရင်ဟောင်း စူလ်တန် မူဟမ်မဒ်က ၂ နှစ်ကြာ နန်းစံအပြီး မလေးရှား စည်းမျဉ်းခံ ဘုရင်စနစ်အတွင်း ပထမဆုံးအနေနဲ့ နန်းစွန်ခဲ့ပါတယ်။
နန်းစွန့်ရတဲ့ အကြောင်းရင်းကို မဖော်ပြခဲ့ပါဘူး။ အခု နန်းတက်မယ့် ဘုရင်သစ် အဗ်ဒူလာဟာ အရင်က အာရှဘောလုံးအသင်းချုပ်ရဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ဖူးပါတယ်။
သူဟာ မလေးရှား ဘောလုံးအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်သလို ပါဟန်းပြည်နယ်ရဲ့ နန်းထိန်းစော်ဘွားအဖြစ် ၂ ကြိမ် တာဝန် ထမ်းဆောင်ဖူးပါတယ်။
စူလ်တန်အာမဒ်ရှားရဲ့ သားကြီးဖြစ်သူ ဘုရင်သစ် အဗ်ဒူလာဟာ ၁၉၅၉ ဇူလိုင် ၃၀ မှာ မွေးပါတယ်။
ဇနီး ၂ ယာက် သားသမီး ၉ ယောက်နဲ့ မွေးစားသား တယောက်လည်း ရှိပါတယ်။ မလေးရှားနိုင်ငံရဲ့ စည်းမျဉ်းခံ ဘုရင်စနစ်အရ တော်ဝင်အိမ်တော် ၉ အိမ်ကနေ ဘုရင်တပါးစီ အလှည့်ကျ မဲပေး ရွေးချယ်ကြပါတယ်။
ဘုရင်တပါးအတွက် နန်းသက် ၅ နှစ်သတ်မှတ် ထားပါတယ်။ မွတ်စလင် လူများစုရှိတဲ့ မလေးရှားနိုင်ငံမှာ အစ္စလာမ်ဘာသာကို ထိန်းသိမ်းစောင့်ရှောက်သူနဲ့ ပွဲတက်အခန်းကဏ္ဍအတွက် ဘုရင်က အရေးပါတယ်လို့ ယူဆကြပါတယ်။