တိုဘီအန်ဒါဝီရယ် စပါးအသင်းတွင် ဆက်ရှိမည်

တော့တင်ဟမ်အသင်းရဲ့ နောက်ခံကစားသမား တိုဘီအန်ဒါဝီရယ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အီတလီကလပ်ရိုးမားအသင်းတို့က ပစ်မှတ်ထားခဲ့ပေမယ့် အပြောင်းအရွှေ့နောက်ဆုံးနေ့ထိ ဘယ်အသင်းကမှ ခေါ်ယူခဲ့ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါကြောင့် စပါးအသင်းမှာပဲ ဆက်လက်ရှိနေမှာ ဖြစ်ပြီး စပါးအတွက်ပဲ ကြိုးစားကစားသွားမယ်လို့ ကစားသမားဘက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘယ်ဂျီယံလက်ရွေးစင်အန်ဒါဝီရယ်ဟာ လာမယ့်နွေရာသီမှာ စပါးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။ စပါးအသင်းဟာ အန်ဒါဝီရယ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရမှာထက် အခုရာသီမှာတင် တန်ကြေးတရပ်နဲ့ ရောင်းချလိုနေတာကြောင့် အန်ဒါဝီရယ်ကိုအပြောင်းအရွှေ့ပိတ်သိမ်းချိန်အမီ ရောင်းထုတ်ဖို့ ကြိုးပမ်းခဲ့တာလည်းဖြစ်ပါတယ်။ နည်းပြပိုချက်တီနိုကလည်း အန်ဒါဝီရယ်နဲ့ ပတ်သက်ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းလိုခြင်းမရှိတာကို ပြီးခဲ့တဲ့ရာသီအစကတည်းက ထုတ်ဖော်ပြောကြားထားဖူးပါတယ်။ အန်ဒါဝီရယ်ဘက်ကလည်း စပါးဘက်က သက်တမ်းတိုးကမ်းလှမ်းချက်တွေကို ပယ်ချထားခဲ့ပြီး တပတ်လုပ်ခပေါင် ၁ သိန်းခွဲထိ ရရှိလိုတယ်လို့ သိရပါတယ်။ အသင်းဘက်ကတော့ ကစားသမားရဲ့ အသက်အရွယ် ၃၀ ရှိနေတာကြောင့် သက်တမ်းရှည် စာချုပ်ချုပ်ဆိုလိုခြင်းမရှိကြောင်း  ပြန်လည်တုံ့ပြန်ထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up