လူကြီးလာလျှင် ဧည့်ခံကျွေးမွေးရသည့် ကုန်ကျစရိတ် ၀န်ထုပ်ဝန်ပိုးဖြစ်စေ
DVB
·
December 5, 2012
ဝန်ထမ်းတွေအနေနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ နယ်ကိုလာရင် ဧည့်ခံကျွေးမွေးရတဲ့ ကုန်ကျစရိတ်ဟာ ၀န်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ကျန်းမာရေး၊ လ၀ကနဲ့ လျှပ်စစ် စတဲ့ အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ တွေ့ဆုံစဉ် ၀န်ထမ်းတွေက လစာ နည်းတာ၊ ရုံးသုံးစရိတ် နည်းတာအပြင် အခြား အခက်အခဲတွေကိုလည်း တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဌာနဆိုင်ရာ ၀န်ထမ်းတွေဟာ ဒီလို တရားမ၀င် ကုန်ကျစရိတ်တွေကို ဖြေရှင်းဖို့ မြို့ပေါ်က လုပ်ငန်းရှင်တွေဆီကပဲ အလှူခံနေရတယ်လို့ တင်ပြကြကြောင်း၊ ဒီ အခက်အခဲ ပြဿနာတွေကနေတဆင့် လာဘ်ပေးလာဘ်ယူမှုတွေ ပေါ်ပေါက်လာတာလို့ သူက သုံးသပ်ပါတယ်။
ဒီအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲတွေအနေနဲ့ နယ်ဆင်းရင် ကိုယ့်စရိတ်နဲ့ ကိုယ်ဆင်းဖို့၊ အောက်ခြေ၀န်ထမ်းတွေကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေဖို့ လာမယ့် လွှတ်တော်မှာ တင်ပြဆွေးနွေးသွားမယ်လို့ ပြောပါတယ်။