ပါကစ္စတန် ဝန်ကြီးချုပ်ကို အတိုက်အခံပါတီများ ဆန္ဒပြ

1.9K
ပါကစ္စတန်နိုင်ငံတလွှားက မြို့တွေမှာ ဇူလိုင် ၂၅ ရက်က အတိုက်အခံပါတီတွေ ဆန္ဒပြ လူထုစုဝေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
လက်ရှိဝန်ကြီးချုပ် အမ်ရန်ခန်း ဦးဆောင်တဲ့ ပါကစ္စတန်အစိုးရဟာ နိုင်ငံစီးပွားရေးကို ထိခိုက်အောင်လုပ်နေပြီး အတိုက်အခံတွေကိုလည်း ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ်လို့ အဓိက အတိုက်အခံပါတီတွေက စွပ်စွဲခဲ့ကြပါတယ်။
လက်ရှိ ပါကစ္စတန်နိုင်ငံမှာ စီးပွားရေး အကျပ်အတည်းနဲ့ နိုင်ငံရေးရေချိန် ပြဿနာတွေ တိုးမြင့်လာနေချိန်မှာ "Black Day" လို့ခေါ်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။
ပါကစ္စတန်ရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ကရာချိမှာ အဓိက အတိုက်အခံပါတီတခုဖြစ်တဲ့ PPP ပါတီကို ထောက်ခံသူတွေ ထောင်ချီ စုဝေးခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် အမ်ရန်ခန်းရဲ့ အာဏာရ PTI ပါတီလက်ထက်မှာ ကုန်ဈေးနှုန်းတွေတက်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း နည်းပါးလာတယ်လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်လာကြပါတယ်။
ဒါ့အပြင် လာဟိုးမြို့နဲ့ ပီရှာဝါမြို့တွေမှာလည်း အလားတူ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။
ဝန်ကြီးချုပ် အမ်ရန်ခန်း ဦးဆောင်တဲ့ အစိုးရအနေနဲ့ လက်ရှိ တိုင်းပြည်အခြေအနေနဲ့ ပတ်သက်ပြီး မကြာခင် တာဝန်ခံရမှာ ဖြစ်တယ်လို့ အဓိကအတိုက်အခံပါတီ တခုဖြစ်တဲ့ Pakistan Muslim League-Nawaz ပါတီခေါင်းဆောင် ရှာဘတ်ရှာရိဖ်က ဆန္ဒပြလူအုပ်ကို ပြောခဲ့ပါတယ်။