အစိုးရငြိမ်းချမ်းရေးအဖွဲ့ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့နှင့် တွေ့ဆုံ
နန်းမြနဒီ
·
December 4, 2012
နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင်တွေဟာ ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ၀နဲ့ မိုင်းလား အထူးဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့နဲ့ သွားရောက် တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေး ဆွေးနွေးခဲ့ပါတယ်။
ဦးအောင်မင်းနဲ့အဖွဲ့ဟာ ဒီနေ့ မနက်ပိုင်း ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ဌာနချုပ် ပန်ဆန်းမြို့ကို ရောက်ရှိလာပြီး ဒေသဖွံ့ဖြိုးရေး ဆွေးနွေးခဲ့တယ်လို့ ၀တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။
“ဖွံ့ဖြိုးရေးအတွက်က နယ်စပ်ဝန်ကြီးက လစဉ်ထောက်ပံ့ခဲ့တဲ့ ရိက္ခာ၊ ပြီးခဲ့တဲ့ ၃ လအတွက်ပါ။ နောက်တခုက လမ်းပန်းဆက်သွယ်ရေး လမ်း ၃ လမ်း ကျောက်ခင်းသဲ ဖို့မယ့်ကိစ္စအတွက် ငွေထောက်ပံ့ပေးမှာပါ။ ခွင့်ပြုမိန့်ပေးတဲ့ စာပေးလိုက်တယ်။ ငွေသားက လားရှိုးမှာ သွားထုတ်ရမယ်။”
ယူဒဗလျူအက်စ်အေအနေနဲ့ လွှတ်တော်အစည်းအဝေးတွေမှာ လာရောက်လေ့လာဖို့ ၀န်ကြီး ဦးအောင်မင်းက ဖိတ်ကြားသွားပြီး ဖိတ်ကြားမှုကိုလက်ခံဖို့ မခံဖို့ကတော့ ၀ အဖွဲ့ထဲမှာ ပြန်ဆွေးနွေးမယ်လို့ ဆိုပါတယ်။
ဒီနေ့မနက် တွေ့ဆုံဆွေးနွေးကြရာမှာ ယူဒဗလျူအက်စ်အေ ဒု-ဥက္ကဋ္ဌ ကျောက်ညီလိုင်းနဲ့ ဗဟိုကော်မတီဝင်တွေ၊ ဌာနကြီးမှူးတွေပါ စုံစုံညီညီ လက်ခံတွေ့ဆုံခဲ့တယ်။
အစိုးရဘက်ကတော့ ဦးအောင်မင်းနဲ့အတူ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးသိန်းဇော်၊ နယ်စပ်ရေးရာ ဝန်ကြီး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရမခ တိုင်းမှူး၊ ရွှေတြိဂံတိုင်းမှူး စတဲ့ အကြီးအကဲ ၁၈ ဦးတို့ တက်ရောက်ခဲ့ပါတယ်။
ဝန်ကြီး ဦးအောင်မင်းဟာ ၀ ဒေသကို ပထမဆုံးအကြိမ် ရောက်ရှိလာတာဖြစ်ပြီး ညနေပိုင်းမှာ ယူဒဗလျူအက်စ်အေ ထိန်းချုပ်နယ်မြေထဲက မိုင်းမောမြို့ကို သွားရောက်လေ့လာဖို့ အစီအစဉ်ရှိပါတယ်။
အစိုးရငြိမ်းချမ်းရေးအဖွဲ့ဟာ မနေ့က အထူးဒေသ ၄ မိုင်းလားကို သွားရောက်ခဲ့ပြီး မိုင်းလားတပ်ဖွဲ့ဘက်က ရှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု ဥက္ကဋ္ဌ ဦးစိုင်းလင်း အပါအ၀င် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ မိုင်းလားတပ်ဖွဲ့တွေဘက်က ဒေသဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေး၊ သစ်ထုတ်လုပ်ရေး၊ သတ္တုတွင်းနဲ့ လျှပ်စစ်မီးထုတ်လုပ်ရေးစီမံကိန်းတွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အစိုးရကိုယ်စားလှယ်တွေက ရင်းနှီးမှုတည်ဆောက်ရေး ခရီးစဉ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တောင်းဆိုချက်တွေကို အတတ်နိုင်ဆုံး ကြိုးစားပေးသွားမယ့်အကြောင်း တုံ့ပြန်ပြောကြားခဲ့တယ်လို့ သိရပါတယ်။