ဟောင်ကောင်တွင် လာမည့်အပတ်လုပ်မည့် ဆန္ဒပြချီတက်ပွဲ ခွင့်မပြုဟု ရဲတပ်ဖွဲ့အကြီးအကဲ ပြော

ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ တနင်္ဂနွေနေ့က တိုက်ခိုက်ခံခဲ့ရလို့ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ဆန္ဒပြ ချီတက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဇူလိုင် ၂၅ ရက်နေ့မှာ ပြောပါတယ်။ ချီတက်ပွဲအတွက် လူတွေ လမ်းပေါ်ထွက်လာမယ်ဆိုရင် ဒါဟာ ဥပဒေချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဇူလိုင် ၂၁ ရက်က ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူအပြည့် စီးနင်းလိုက်ပါလာတဲ့ ရထားတစီးကို လျှို့ဝှက် ဒုစရိုက်ဂိုဏ်းသားတွေက တိုက်ခိုက်ခဲ့တာကြောင့် လူ ၄၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီလုပ်ရပ်ကို ဆန့်ကျင်ဖို့ ချီတက်ပွဲ စီစဉ်ခဲ့တာလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဟောင်ကောင်မှာ ချီတက်ပွဲတွေ၊ လူထုစုဝေးပွဲတွေနဲ့ နိုင်ငံရေးအခမ်းအနားတွေ ပြုလုပ်ဖို့ ရဲတပ်ဖွဲ့ဆီက တရားဝင်ခွင့်ပြုချက် တောင်းရလေ့ရှိပါတယ်။ တနင်္ဂနွေညက တီရှပ်အဖြူရောင်ဝတ်ပြီး တုတ်ရှည်တွေကိုင်ထားတဲ့ အမျိုးသားတစုဟာ ယွမ်လောင်ဘူတာထဲကို ဝင်လာပြီး ရထားတစီးကို စီးနင်းခဲ့ပါတယ်။ ခရီးသည်တွေကိုလည်း တိုက်ခိုက်ခဲ့တာကို လမ်းသွားလမ်းလာတွေနဲ့ ဒီမိုကရက် ပါတီအမတ် လင်ကျိုးထင်တို့က ရုပ်သံမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ရဲတပ်ဖွဲ့တွေဟာ အခင်းဖြစ်တဲ့နေရာကို ချက်ချင်းမရောက်လာခဲ့သလို တိုက်ခိုက်သူတွေကိုလည်း ဖမ်းဆီးဖို့ တာဝန်ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

More News
Up