တူနီးရှားသမ္မတ အက်ဆက်စီ ကွယ်လွန်

633
တူနီးရှားနိုင်ငံသမ္မတ ဘီဂျီ ကာအီ အက်ဆက်စီဟာ ဇူလိုင် ၂၅ ရက်နေ့က ကွယ်လွန်သွားပါတယ်။
အသက် ၉၂ နှစ်အရွယ် အက်ဆက်စီဟာ ၂၀၁၁ ခုနှစ် တော်လှန်ရေးကာလပြီးနောက် တူနီးရှားနိုင်ငံကို ဒီမိုကရေစီစနစ် ကူးပြောင်းရေး လမ်းပြခဲ့သူ ဖြစ်ပါတယ်။
သူဟာ ကျန်းမာရေးမကောင်းတာကြောင့် ဇွန်လတုန်းက တပတ်ကြာ ဆေးရုံတက်ခဲ့ရပါသေးတယ်။
တူနီးရှားနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော်ဈာပနကို ဇူလိုင် ၂၇ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ပြောပြီး တူနီးရှားပြည်သူတွေအနေနဲ့ လက်ရှိမှာရော အနာဂတ်မှာပါ စည်းစည်းလုံးလုံးရှိကြဖို့ အစိုးရက တိုက်တွန်းတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
သမ္မတ အက်ဆက်စီ ကွယ်လွန်ပြီး နာရီပိုင်းအကြာမှာပဲ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် အန်ရှာက ယာယီသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။