Home
မြန်မာသတင်း
ရွှေကျင် လွှတ်တော်ကိုယ်စားလှယ် နုတ်ထွက်ပေးရန် ဆန္ဒပြ
DVB
·
July 26, 2019
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်း နုတ်ထွက်ပေးဖို့နဲ့ တရားဥပဒေ စိုးမိုးမှုရရှိစေဖို့ အတွက် ဇူလိုင် ၂၅ ရက်က လူအင်အား ၁၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က မြို့ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်နဲ့ အဖွဲ့ဖွဲ့ကာ တရားမဝင်ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ဘက်ဟိုးယာဉ်နဲ့ ယန္တရားတွေထံက ငွေကြေးကောက်ယူပြီး ရရှိလာတဲ့ငွေကို ပွင့်လင်းမြင်သာစွာ ပြည်သူတွေကို မချပြသလို တရားမဝင်ရွှေတူးဖော်နေတဲ့ နိုင်ငံခြားသားတွေကို စိစစ်အရေးယူပေးဖို့နဲ့ တရားဥပဒေစိုးမိုးမှု ရှိစေဖို့ ရည်ရွယ်ဆန္ဒပြတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုရန်နိုင်အောင်က  ပြောပါတယ်။ "အဓိကပြောချင်တာက ဒေါ်လှလှဝင်းအပါ မြို့နယ်အုပ်ချုပ်ရေးမှူးအပါ သူတို့က အဖွဲ့ဖွဲ့တယ်။ အဲ့ဒီအဖွဲ့ ဖွဲ့ပြီး ရွှေကျင်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်နဲ့ သူတို့ပိုက်ဆံကောက်တယ်။ ပိုက်ဆံကောက်တဲ့ငွေဟာ ကြားသိရသလောက်ဆို သိန်း ၃၀၀ ကျော်သွားပြီလို့ သိရတယ်။ ဒီငွေတွေကို ဒီဒေသမှာရှိတဲ့ လမ်းတံတားအဆောက်အဦ ကျောင်းပေါ့၊ ဒါမျိုးတွေကို သုံးစွဲတာမျိုးတွေ မတွေ့ရဘူး။" လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူအတွက် အလုပ်လုပ်မှာလား၊ မြို့အမည်ကို အသုံးချပြီး မတရားအဖွဲ့တွေဖွဲ့ပြီး ငွေကောက်ကာ ဝေစုခွဲဖွဲ့အတွက်ပဲ လုပ်မှာလားဆိုတာကို မေးချင်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုရာဇာက ပြောပါတယ်။ "ဝန်ကြီးချုပ်က ငွေကောက်ခံတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ အဖွဲ့ကလည်း မရောက်လာသေးဘူး။ ဒါတွေဟာ အဂတိနဲ့ ထင်ထင်ရှားရှားငြိတဲ့အချက်တွေဖြစ်တဲ့အတွက် တိတိကျကျ စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်စေချင်ပါတယ်။ ဒါကို ကျနော်တို့ မြို့ခံတွေ အလိုရှိပါတယ်။" ရွှေကျင်မြို့မှာ  ယန္တရားတားဆီးရေးအဖွဲ့ဖွဲ့ထားကာ မြို့အတွက် အလှူငွေထည့်သွားတဲ့ ဘက်ဟိုးတွေကို ထွေအုပ်ကသာ စီစဉ်တာဖြစ်ပြီး နှစ်ကုန်တဲ့အချိန်မှာ ကိုယ်စားလှယ်တွေကို ဒေသဖွံ့ဖြိုးရေးအတွက် ၁၅ သိန်းပေးပေမယ့် တိုင်းဒေသကြီး ဘက်ဂျက်ငွေရှိတာကြောင့် ဘက်ဟိုးတွေ၊ ယန္တရားတွေက ရရှိတဲ့ငွေကို ယူဆောင်ခဲ့ခြင်း မရှိဘူးလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောပါတယ်။ “ကျမတို့မြို့နယ်အတွက် ယန္တရားတွေရော၊ လှူတာတွေရောကို စီမံခန့်ခွဲရေးကော်မတီက လုပ်တဲ့ငွေသားတွေကို ကျမတို့က မယူပါဘူး။ ကျမတို့က အကြံတော့ပြုတယ်၊ လိုအပ်တဲ့နေရာ ဘယ်နေရာမှာတော့ ဘယ်လိုဖြစ်တယ်ဆိုတာတော့ အကြံပြုတယ်။ အဲ့နေ့က ကိုယ်စားလှယ်တွေ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ချင်လို့ ရှိရင် ဗဟိုအတွက်သော်လည်ကောင်း ကျန်တဲ့ ဥစ္စာအတွက်သော်လည်ကောင်း လုပ်မယ်ဆိုလို့ရှိရင် တယောက်ကို ၁၅ သိန်းနဲ့ ယူပါလို့ ဆိုတယ်၊ ကျမကတော့ ၁၅ သိန်းကို မယူခဲ့ဘူး။” ဆန္ဒပြသူတွေက တရားဥပဒေစိုးမိုးရေး၊ မြို့အမည်နဲ့ ငွေကြေးကောက် ကိုယ်ကျိုးရှာလုပ်ရပ် ချက်ခြင်းရပ်၊ တရားမဝင်ရွှေလာရောက်တူးဖော်တဲ့ နိုင်ငံခြားသားများ အလိုမရှိ၊ အဂတိလိုက်စားသော ဌာနဆိုင်ရာဝန်ထမ်းများ အလိုမရှိ၊ နေရာယူပြီး တာဝန်မကျေသည့် လွှတ်တော်ကိုယ်စားလှယ်ဒေါ်လှလှဝင်း နုတ်ထွက်ပေးရေး စတဲ့အချက် ၅ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်ဒေါ်လှလှဝင်းက ဆန္ဒပြပွဲ ဦးဆောင်သူ ၂ ဦးဖြစ်တဲ့ ကိုရန်နိုင်အောင်၊ ကိုရာဇာနဲ့ အမည်မသိ တဦးအပါအဝင် ၃ ဦးကို နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၀ နဲ့ ရွှေကျင်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ စခန်းမှူး ဒုရဲမှူးကျော်လွင်ဦးက ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024