Homeမြန်မာသတင်း
ရေနံချောင်းမြို့နယ်၌ စက်လှေနစ်မြုပ် ပျောက်ဆုံးနေသူ ၈ ဦး၏ အလောင်း ထပ်မံတွေ့ရှိ
ရေနံချောင်းမြို့နယ်၌ စက်လှေနစ်မြုပ် ပျောက်ဆုံးနေသူ ၈ ဦး၏ အလောင်း ထပ်မံတွေ့ရှိ
DVB
·
July 25, 2019
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်မှာ ဧရာဝတီမြစ်အတွင်း စက်လှေတစင်း တိမ်းမှောက်လို့ လူ ၁၀ ဦးသေဆုံးကာ ၃၀ ကျော် ပျောက်ဆုံးနေရာမှာ ဒီနေ့ ညနေအထိ အလောင်း ၈ လောင်း ထပ်မံရှာဖွေတွေ့ရှိပြီဖြစ်ပါတယ်။
ရေနံချောင်းမြို့နယ်က ကန်သာရွာသစ်နဲ့ ဖရဲကျွန်းကျေးရွာနှစ်ရွာအကြား မြေနေရာ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ရွာသားတွေ အပြန်အလှန်ပြဿနာဖြစ်ပြီးနောက် ဖရဲကျွန်းကျေးရွာ တောင်ဘက် ဧရာဝတီမြစ်ရေပြင်မှာ စက်လှေနစ်မြုပ်ခဲ့တာပါ။
ဒီနေ့ ညနေပိုင်းအထိ အလောင်း ၈ ကို ရေနံချောင်း အနောက်ဘက် ဧရာဝတီမြစ် တလျှောက် နေရာအသီးသီးက တွေ့ရှိထားပြီး မျောပါနေတဲ့ အလောင်း ၁ လောင်းကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံဆယ်ယူနေပါတယ်။
ရှာဖွေတွေ့ရှိတဲ့အလောင်းတွေကို ဖရဲကျွန်းကျေးရွာ တောင်ဘက် ရေစပ်အနီးမှာပဲ ရဲစစ်ချက် ဆရာဝန်စစ်ချက်တွေ ချက်ခြင်းဆောင်ရွက်ပြီး အဆိုပါနေရာ လယ်ကွင်းပြင်မှာ မီးသင်္ဂြိုဟ်ဖို့ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်လှေနစ်မြုပ်မှုကြောင့် ဖရဲကျွန်းရွာမနဲ့ ဖရဲကျွန်း တပ်ပိုး ကျေးရွာနေ လူ ၃၉ ဦးပျောက်နေပြီး ဇူလိုင် ၂၄ ရက် ရှာဖွေကယ်ဆယ်ရေး လုပ်တဲ့အချိန်မှာတော့ ကျား(၈)ဦးမ(၂)ဦး စုစုပေါင်း အလောင်း ၁၀လောင်း တွေ့ပြီး အသက်ရှင်သူ ၂ဦးရှိတယ်လို့ ဇူလိုင် ၂၃ ရက်အထိ သိရတဲ့ ပျောက်ဆုံးစာရင်းအရ သိရပါတယ်။
ပျောက်ဆုံးနေသူ ၂၇ ဦးကို မြို့နယ်မီးသတ်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကြက်ခြေနီတပ်ဖွဲ့တွေ ဝေဠုကျော် ဖောင်ဒေးရှင်းအဖွဲ့လည်း လာရောက်ကူညီ ရှာဖွေပေးနေတယ်လို့ သိရပါတယ်။
သတင်း- ကိုလင်း(ချောက်)