Home
မြန်မာသတင်း
ဆုန်ခလာမြို့က ထိုင်းကျောင်းထိုင်ဘုန်းကြီးကိုမောင်းထုတ်၊ ကျောင်းတိုက်တွင် မြန်မာအမျိုးသမီး အချို့ တွေ့ရှိ
DVB
·
July 25, 2019
ထိုင်းတောင်ပိုင်း၊ ဆုန်ခလာမြို့ရှိ ကျောင်းတိုက်တတိုက်မှာ မနေ့ညက ရွာသား ၅၀၀ ကျော် စုဝေးရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော်ကို မောင်းထုတ်ခဲ့ကြပါတယ်။  ဆုန်ခလာမြို့နယ် ဖ၀ုန်းအုပ်စုထဲက ရွာသားတွေဟာ  ယမန်နေ့ည ၈ နာရီခွဲလောက်က နမ့်ကကျိုင်ဘုန်းကြီးကျောင်းကို ရောက်လာကြပြီး ကျောင်းထိုင်ဆရာတော် ဖရမဟာ ဧကချိုင်း အား အဆိုပါကျောင်းတိုက်ကနေထွက်သွားဖို့ လာရောက်အော်ဟစ် မောင်းထုတ်ခဲ့ကြတာပါ။   အဆိုပါ ဆရာတော်ရဲ့ ကျောင်းတိုက်ထဲမှာ အချိန်မတော် အမျိုးသမီးတွေကို တွေ့ရှိတာက တကြောင်း၊ ကျောင်းတိုက်ရန်ပုံငွေ စာရင်းရှင်းတမ်း ပွင့်လင်းမြင်သာမှုမရှိတာကတကြောင်း၊ ဆရာတော်ဟာ ဒကာတချို့နဲ့လည်း မတည့်တာကြောင့် ကျောင်းထိုင်ဘုန်းကြီး အရာနဲ့ မထိုက်တန်လို့ လာရောက်မောင်းထုတ်ကြတာလို့  ရွာသားတွေက ပြောပါတယ်။  ကျောင်းတိုက်ကို စုဝေးရောက်ရှိလာသူတွေထဲမှာ တိုက်နယ်သူကြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့  ကျေးရွာလူထုခေါင်းဆောင်တွေပါ ပါဝင်ပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေပါ ရောက်လာပြီး ကျောင်းတိုက်ကို စစ်ဆေးရာမှာ ကျောင်းတိုက်အနောက်ဘက် အခန်းထဲမှာ မြန်မာအမျိုးသမီး ၅ ဦးနဲ့ ဘေးက အခန်းထဲမှာ မြန်မာဘုန်းကြီး ၂ ပါးကိုပါ တွေ့ရှိရတယ်လို့ ဆိုပါတယ်။   သူတို့ဆီမှာ ထိုင်းနိုင်ငံထဲ တရားဝင်  ၀င်ရောက်လာတဲ့ အထောက်အထားတွေ ရှိပေမယ့် လည်း ဘာသာစကားအခက်အခဲကြောင့် အဲဒီကို ဘာကြောင့်ရောက်နေသလဲဆိုတာတော့ မေးမြန်းမရသေးဘူးလို့ ရဲတပ်ဖွဲ့ဝင်တဦးက သတင်းထောက်ကို ပြောပါတယ်။  ရဲတွေက ကျောင်းထိုင်ဆရာတော်ကို ပြည်သူတွေဝိုင်းရိုက်မှာစိုးလို့ ရဲကားပေါ်ခေါ်ခဲ့ပြီး  မြန်မာဘုန်းကြီး ၂ ပါးနဲ့ မြန်မာအမျိုးသမီး ၅ ဦးကိုလည်း လိုအပ်တာ စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ်ဆောင်လာခဲ့ပါတယ်။  ဆရာတော်ဟာ ကားပေါ်မတက်ခင် ကျောင်းထိုင်အဖြစ်ကနေ နုတ်ထွက်ပေးမယ့် အကြောင်း ပြောကြားခဲ့တဲ့အတွက် ရွာသားတွေလည်း လူစုခွဲပြီး ပြန်သွားကြပါတယ်။  ကိုးကား - မဒီချွန်းထိုင်းသတင်း 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024