သုံးဆယ်မြို့တွင် H1N1 ရောဂါကြောင့် အမျိုးသား ၁ ဦး သေဆုံး
DVB
·
July 25, 2019
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့က အသက် ၅၈ နှစ်အရွယ် အမျိုးသားတဦး ရာသီတုပ်ကွေး H1N1 ကြောင့် ဇူလိုင် ၂၄ ရက် ည ၁၀ နာရီခွဲမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သာယာဝတီခရိုင် သုံးဆယ်မြို့ တောင်လမ်းသစ်တန်းလမ်းမှာ နေထိုင်တဲ့ ဦးတင်စိုး အသက် ၅၈ နှစ်ဟာ ကင်ဆာရောဂါ ခံစားနေရသူတဦးဖြစ်ကာ ကင်ဆာဆေးသွင်းကုသခံနေရသူ ဖြစ်ပါတယ်။
ရန်ကုန်မြို့က ဆေးခန်းတခုမှာ ကင်ဆာရောဂါအတွက် တတိယအကြိမ် စစ်ဆေးကုသမှု ခံယူနေရာမှ ဇူလိုင် ၂၃ ရက်နေ့က H1N1 ရောဂါ သံသယဖြစ်ဖွယ် တွေ့ရှိတာကြောင့် ဆေးခန်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသခဲ့စဉ် သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
သာယာဝတီခရိုင် ကျန်းမာရေးဦးစီးဌာန မှ ဒု-ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သိန်းနိုင်လင်းက "ဒီ H1N1 ရောဂါပိုးကို ရန်ကုန်ဆေးရုံကြီး ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနက တွေ့ပြီဆိုရင် ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနကို သတင်းပေးပါတယ်။ တိုင်း ကျန်းမာရေးဦးစီးကနေ သေဆုံးသူနေထိုင်တဲ့ မြို့နယ်ကို တိုက်ရိုက်အကြောင်းကြားတယ်။ အဲတော့မှ ကျနော်တို့ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနက သေဆုံးသူရဲ့ ရာဇဝင် ကျန်းမာရေးအခြေအနေ အသေးစိတ်ကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ရပါတယ်။ ပြီးတော့မှ သူ့ရဲ့ ကျန်ရစ်နေတဲ့ မိသားစုဝင်တွေကို Fever,contact and phone surveillance အနည်းဆုံး တပတ်အထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေး အသိပညာပေးခြင်းကိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာ ဇူလိုင် ၂၆ ရက် နေ့လယ် ၁ နာရီမှာ ဆောင်ရွက်သွားမှာပါ” လို့ ပြောဆိုပါတယ်။
ဇူလိုင် ၂၂ ရက်နေ့က မိုးညိုမြို့နယ် ထိန်တောကျေးရွာက အမျိုးသမီးတဦး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာပဲ ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးခဲ့ပြီး သာယာဝတီခရိုင်အတွင်း ၂ ဦး ရှိပြီဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ရာသီတုပ်ကွေးရောဂါ H1N1 ပိုးကူးစက်ခံရပြီး သေဆုံးသူ အရေအတွက်ဟာ ဇူလိုင် ၂၄ ရက်အထိ ၇၁ ဦးထိရှိလာပြီလို့ ကျန်းမာရေနှင့် အားကစားဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း၊ဓာတ်ပုံ-ဝဏ္ဏထွန်း