A d v e r t i s e m e n t With Us

မူးယစ်တရားခံဟုစွပ်စွဲပြီး ရွာသားအား ပစ်သတ်ခဲ့သည့် ရဲတပ်ဖွဲ့ ပြောင်းရွှေ့ရန် တောင်းဆို

ဓာတ်ပုံ - prachatai
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မြန်မာနယ်စပ် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စုမှာ ဇူလိုင် ၂၃ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ ရွာသားတဦး သေဆုံးပြီးနောက် ဟွေ့ခိုက်မိုင်ရွာသား ၂၀၀ ကျော်က အဲဒီရဲတပ်ဖွဲ့ကို ပြန်လည်ပိတ်ဆို့ ရိုက်နှက်ခဲ့ပါတယ်။ ရွာသားတွေ ရိုက်နှက်လို့ ဝိန်းဟိုင်နယ်မြေ ရဲစခန်းက ဒုရဲမှူး ဒဏ်ရာတွေရပြီး ဆေးရုံမှာ ၁၁ ချက် ချုပ်လိုက်ရပါတယ်။ အဲဒီနောက် တာဝန်ရှိသူတွေက ရွာသား ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့မနက်မှာ ဟွေ့ခိုက်မိုင်ရွာသားတွေက ဝိန်းဟိုင်ရဲတပ်ဖွဲ့ကို နယ်မြေကနေ ၂၄ နာရီအတွင်း ရွှေ့ပြောင်းသွားဖို့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ရွာသားကိုယ်စားလှယ် ပြောပြချက်အရ ရဲကပစ်သတ်ခဲ့သူ အသက် ၅၀ အရွယ် နိုင်းကျကျည်း ကျာအောဟာ ရဲကစွပ်စွဲသလို မူးယစ်တရားခံမဟုတ်ကြောင်း၊ မျက်မြင်သက်သေ ရွာသားတဦး ပြောပြချက်အရ အခင်းဖြစ်တဲ့နေ့က နိုင်းကျာအောဟာ တောင်ယာကနေပြန်လာပြီး လက်ထဲမှာလည်း သေနတ်မရှိကြောင်း၊ ရဲက သူ့ကို ပစ်ထည့်ပြီးနောက် သက်သေက  ရွာထဲကလူတွေကို ပြေးခေါ်ပြီး ပြန်ရောက်လာတော့ အလောင်းကို နောက်တနေရာ ရွှေ့ထားသလို ဘေးမှာလည်း သေနတ်ပြောင်းရှည်တလက် ချထားတာ တွေ့ရတယ်လို့ ပြောပါတယ်။ သေဆုံးသူမိခင်က သားဖြစ်သူအလောင်းကို ပြေးဖက်စဉ် ရဲတပ်ဖွဲ့ဝင်တဦးက သူမကို တွန်းချပြီး ခြေတောက်နဲ့ကန်လို့ လဲကျသွားကြောင်း၊ ဒါကို မခံမရပ်နိုင်လို့ ရွာသားတွေက ရဲအရာရှိနဲ့ တပ်ဖွဲ့ဝင်တွေကို ဝိုင်းရိုက်တာလို့ ဆိုပါတယ်။ ဝိန်းဟိုင်ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ စုံစမ်းမေးမြန်းခြင်း မရှိဘဲ ရွာသားကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာ၊ လူတွေအထင်လွဲအောင် သတင်းဌာနတွေကို မူးယစ်တရားခံလို့ စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေ ကြောက်လန့်နေကြကြောင်း၊ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးပြီး ရွာသားတွေအတွက် တရားမျှတမှု ဆောင်ကြည်းပေးပါရန် တောင်းဆိုထားပါတယ်။ ရွာသားတွေရဲ့ တောင်းဆိုချက်ထဲမှာ ၁ - အမှုမှန်ပေါ်ပေါက်ရေး လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်ရန် အခင်းဖြစ်ရာမှာ ပါဝင်တဲ့ ဝိန်းဟိုင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေကို ၂၄ နာရီအတွင်း ရွှေ့ပြောင်းပေးရန်၊ ၂ - အကျိုးအမြတ်မယူ ဘက်မလိုက်တဲ့ ကြားနေကော်မတီတရပ် ဖွဲ့ပြီး အမှုမှန်စုံစမ်းရန်၊ ၃ - မျက်မြင်သက်သေနဲ့ ဟွေ့ခိုက်မိုင် ရွာသူရွာသားတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးရန် စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဟွေ့ခိုက်မိုင်ရွာသားတွေဟာ မူးယစ်ဆေးဝါး ဘေးအန္တရာယ်ကို ကောင်းစွာသိရှိပြီး လွဲ့ကျိုင်လို့ခေါ်တဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး စီမံကိန်းမှာ တာဝန်ရှိသူတွေနဲ့အတူ စေတနာ့ဝန်ထမ်းတွေအဖြစ် ဝိုင်းဝန်းကူညီ ကာကွယ်ပေးနေတယ်လို့ ကျေးရွာကိုယ်စားလှယ်က ဖြည့်စွက် ပြောသွားပါတယ်။ ဒီမနက် ရွာသားတွေ ဆန္ဒပြတောင်းဆိုတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က တစုံတရာ တုံ့ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up