Home
မြန်မာသတင်း
အင်းတော်ကြီးဒေသ အင်ကြင်းတောင်တွင် ရေပုတ်သင်မျိုးစိတ်သစ်တွေ့ရှိ
DVB
·
July 25, 2019
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ ပေ ၃၀၀၀ ကျော်မြင့် အင်ကြင်းတောင်ပေါ်မှာ ကမ္ဘာ့အသိအမှတ်ပြုအဆင့် ၂၃ မြောက် ရေပုတ်သင်မျိုးစိတ်အသစ်ကို တွေ့ရှိခဲ့ပါတယ်။ အင်ကြင်းတောင်ပေါ်မှာ ကမ္ဘာ့အသိအမှတ်ပြုအဆင့် ၂၃ မြောက် ရေပုတ်သင်မျိုးစိတ် အသစ်ကို သုတေသနပြုလုပ်နိုင်ခဲ့တဲ့ မိုးညှင်းဒီဂရီကောလိပ် သတ္တဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာသန်းဇော်ကို ဇူလိုင် ၂၄ ရက်နေ့က မိုးညှင်းဒီဂရီကောလိပ်မှာ ဂုဏ်ပြုပွဲတရပ် ကျင်းပခဲ့ပါတယ်။ ဒေါက်တာသန်းဇော်က “ကမ္ဘာ့အသိအမှတ်ပြုရေပုတ်သင်မျိုးစိတ် ၂၄ မျိုးရှိတဲ့အထဲမှာ ၂၃ ခုမြောက်မျိုးစိတ်ကို အင်းတော်ကြီး ဒေသအင်ကြင်းတောင်မှာ ကျနော် တွေ့ရှိ သုတေသနပြု လုပ်နိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာတွေ့လို့ Tylototriton kachinorum လို့ အမည်ပေးခဲ့ပြီး အထီးရောအမပါ အမြီးဟာ သိသိသာသာရှည်လျားပါတယ်။ DNA ကွာခြားချက်ကိုတော့ မော်စကို ရုရှားမှာ စစ်ဆေးခဲ့ပြီး ၂၀၁၇ ခုကနေ ၃ နှစ်ခန့် သုသေသနပြုလုပ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့အသိအမှတ်ပြု ရေပုတ်သင်မျိုးစိတ် ၄ မျိုးတွေ့ရှိပြီးဖြစ်တယ်။ ၂၀၁၄ ခုနှစ်မှာ တောင်ကြီးဒေသမှာ ဂျပန်ပညာရှင်က ၂၁ ခုမြောက်၊ မျိုးစိတ် ၂၀၁၈ ခုနှစ်မှာ တောင်ကြီး ရွာငံ ဘုရားငါးဆူရွာနားမှာ အမေရိကားပညာရှင်က ၂၂ ခုမြောက်မျိုးစိတ် ၂၃ ခုမြောက် မျိုးစိတ်ကို ကျနော်တွေ့ရှိတယ်။ ၂၄ ခုမြောက် မျိုးစိတ်ကိုက မြစ်ကြီးနား ပန်ဝါမြို့အနီးမှာ အမေရိကား ပညာရှင်က ရှာဖွေသုတေသနပြုလုပ်နိုင်ပြီ” လို့ ပြောပါတယ်။  မော်စကို ရုရှား ဇီဝဗေဒဌာနကြီးမှူး တွဲဖက်ပါမောက္ခသုတေသနပညာရှင် Dr NikolayA Poyarkov ဒေါက်တာ နစ်ကိုလေးပိုရာကော့က “ဒေါက်တာသန်းဇော်တွေ့ရှိ သုတေသနပြုလုပ်တဲ့  ရေပုတ်သင်ဟာ မျိုးနွယ်တူ ရေပုတ်သင်တွေနဲ့ DNA ကွာခြားချက် ၈ ရာခိုင်နှုန်းရှိပြီး ပုံသဏ္ဌာန်ကို ကြည့်ရင် အရောင်ကွာတယ်။ နောက်ကျောအဆစ် ၁၃ ဆစ်ရှိပြီး ၆ လက်မခန့်ရှည်တယ်။ ဒီမျိုးဆက်သစ်ဟာ နီပေါနိုင်ငံက မျိုးစိတ်နဲ့ဆက်နွှယ်နေတဲ့ မျိုးဆက်ဖြစ်တယ်” လို့ ပြောပါတယ်။ ပေးပို့ - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024