A d v e r t i s e m e n t With Us

စက်မှုဝန်ကြီး အပြောင်းအလဲပြုလုပ်မည့် သတင်းထွက်ပေါ် 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကို ရာထူးက နုတ်ထွက်စေပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနဲ့ အစားထိုးသွားဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး စက်မှုဝန်ကြီးဌာနက ယုံကြည်ရတဲ့ အဆင့်မြင့်အရာရှိတဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာ “မှန်တယ်။ မှန်တယ်။ သတင်းစာကနေ ထုတ်ပြန်ပါလိမ့်မယ်” လို့ အတည်ပြု ပြောပါတယ်။ စက်မှုဝန်ကြီးအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် လူနာတင်ယာဉ်တွေ  ဝယ်ယူတင်သွင်းပေးတဲ့ ကိစ္စမှာ ဈေးကွာဟနေတဲ့ကိစ္စ အပါအဝင်၊ BPI ဆေးဝါးစက်ရုံအတွက် သိန်းပေါင်းတသောင်းကျော် တန်ဖိုးရှိ ကုန်ကြမ်းပစ္စည်းတွေ တင်ဒါခေါ်ယူခြင်းမရှိဘဲ ဝယ်ယူခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးမှုရှိမရှိကိစ္စ အပါအဝင် ဘဏ်စာရင်းတွေ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ မနေ့က လွှတ်တော်ကို ရောက်ရှိလာတဲ့ စက်မှုဝန်ကြီး ဦးခင်မောင်ချိုကို ဒီဗွီဘီ သတင်းထောက်က မေးမြန်းခဲ့ရာမှာတော့ “အဲဒီကိစ္စတွေတော့ မသိဘူး။ ကျနော်တို့က စက်မှုဖွံ့ဖြိုးရေးကိစ္စပဲရှိတယ်” လို့ ပြန်လည် ဖြေကြားပါတယ်။ ဝန်ကြီးဌာနကိုရော ထူးထူးခြားခြား လာရောက်စစ်ဆေးတာတွေ ရှိပါသလားဆိုတဲ့ နောက်ဆက်တွဲ မေးမြန်းမှုအပေါ်မှာတော့ “အဲဒါတော့ မရှိဘူးဗျ။ ကျနော်တို့က စက်မှုဌာနဆိုတော့ စက်မှုကိစ္စတွေပဲရှိတယ်။ ကျန်တဲ့ဟာတွေက ကျနော်နဲ့ပတ်သက်တော့ မရှိဘူး” လို့ စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အေးဆေးတည်ငြိမ်စွာ ဖြေဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up