A d v e r t i s e m e n t With Us

ပညာရေးအသုံးစရိတ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျပ် ဘီလီယံ ၂၇၀၀ ကျော် လျာထား

ပညာရေးဝန်ကြီးဌာနအနေနဲ့  လာမယ့်ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် အသုံးစရိတ် ကျပ် ၂၇၀၀ ဘီလီယံ ကျော် အသုံးပြုဖို့  လျာထားတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။ ဇူလိုင် ၂၂ ရက်က ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော်မှာ အစည်းအဝေးမှာ ပြည်ထောင်စု အစိုးရ၀န်ကြီးဌာန အသီးသီးက  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေတွေနဲ့ စပ်လျဉ်းပြီး ဘတ်ဂျက်တွေတင်ပြတောင်းခံရာမှာ ပြောသွားတာပါ။     ဒီလျာထားတဲ့ အသုံးစရိတ်တွေကို ဆရာ၊ ဆရာမတွေ ထပ်မံခန့်ထားဖို့၊ သင်ရိုး ညွှန်းတမ်းတွေ အဆင့်မြှင့်တင်ဖို့၊ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့နိုင်ဖို့၊ ကျောင်းသားကျောင်းသူတွေကို ပညာသင် ထောက်ပံ့ကြေးပေးနိုင်ဖို့နဲ့  ပညာရေးဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် အသုံးပြုသွားမယ်လို့ ၀န်ကြီးက ပြောပါတယ်။ လက်ရှိ နိုင်ငံတ၀န်းမှာ ပညာရေးဆိုင်ရာ အဆောက်အအုံ ဆောက်လုပ်ဖို့ လုပ်ငန်းပေါင်း ၄၂၀၀ ကျော်အတွက် စုစုပေါင်း လျာထားငွေထဲက ကျပ် ဘီလီယံ ၇၆၀  ကျော် အသုံးပြုသွားမယ်လို့ သိရပါတယ်။ ပညာရေးဆိုင်ရာ ဘဏ္ဍာငွေတွေဟာ အဆောက်အအုံဆောက်လုပ်တဲ့ လုပ်ငန်းတွေအတွက် သုံးစွဲမှုများနေပြီး မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ ပညာရေး ဆိုင်ရာစီမံကိန်းတွေ၊ ကျောင်းနေအရွယ်ကလေးတွေ စာသင်ကျောင်းကိုရောက်နိုင်ဖို့ ကူညီတဲ့ စီမံကိန်းတွေမှာသုံးစွဲမှု အားနည်းနေတယ်လို့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် ဥပဒေ အတိုင်ပင်ခံ ဒေါက်တာ  ညိုညိုသင်းက ပြောပါတယ်။ “နိုင်ငံအတွက် တကယ်လိုနေတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်သင့်တယ်၊ နိုင်ငံရဲ့ ပညာတတ်မြောက်မှုနှုန်းက ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ယှဉ်ရင် အရမ်းနိမ့်ပါးနေတာကြောင့် အနည်းဆုံးတော့ လာမယ့် ဘဏ္ဍာနှစ်မှာ အလယ်တန်းအဆင့်ထိကို  ၁၀၀ ရာခိုင်နှုန်း အခမဲ့ ပညာရေးဖြစ်ဖို့ အဲ့ဒီဘက်တွေမှာ ပိုသုံးစေချင်တယ်” လို့ ဒေါက်တာ ညိုညိုသင်းက အကြံပြု ပါတယ်။ ပညာရေးဝန်ကြီး  ဒေါက်တာ မျိုးသိမ်းကြီးကတော့  သင်ယူမှုအခွင့်အလမ်း မြင့်မားရေးနဲ့ အရည်အသွေးရှိတဲ့ ပညာရေးကို ဦးတည်ပြီး ထိရောက်ပွင့်လင်းမြင်သာစွာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တာဝန်ယူပြီး အကောင်အထည်ဖော်မယ်လို့ လွှတ်တော်မှာ ပြောသွားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ပညာရေးဝန်ကြီးဌာနအနေနဲ့ လျာထားဘတ်ဂျက် အသုံးစရိတ် ၂၁၇၅ ဘီလီယံရှိခဲ့ပြီး ဧပြီလအထိ လျာထားငွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်သာ အသုံးပြုထားကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရ စတက်တဲ့  ၂၀၁၂-၁၃ ဘဏ္ဍာနှစ်က မြန်မာပြည်ရဲ့ ပညာရေးအသုံးစရိတ် ၇၆၁ ဘီလီယံသာရှိခဲ့ပြီး အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၆-၁၇ ဘတ်ဂျက်မှာ ပညာရေးအသုံး စရိတ် ၁,၇၂၆ ဘီလီယံထိတိုးလာခဲ့ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာတော့ ပညာရေးအသုံးစရိတ် ၁,၇၅၆ ဘီလီယံ ရရှိပြီး ပြည်ထောင်စု ဘတ်ဂျက်ရဲ့ ၈ ဒသမ ၅၃ ရာခိုင်နှုန်းကို ပညာရေးဝန်ကြီးဌာနက ခွဲဝေရရှိခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက်  အသုံးစရိတ် ကျပ် ၃၃၇၀ ဒသမ ၇၇၈ ဘီလီယံ ခွင့်ပြုပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာတောင်းခံထားပါတယ်။ ပညာရေးအသုံးစရိတ်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျပ် ဘီလီယံ ၂၇၀၀ ကျော် လျာထား ဆုမြတ်မေဇော်

A d v e r t i s e m e n t With Us

More News
Up