A d v e r t i s e m e n t With Us

မလှိုင်မြို့နယ် ဆားတောင်ဆည်တွင် စက်လှေမှောက်ပြီး ၁၀ ဦး သေဆုံး၊ ၄ ဦးပျောက်နေ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ ဇူလိုင် ၂၄ ရက် မနက် ၉ နာရီလောက်က ဆားတောင်ဆည်အတွင်းရှိ ဗောဓိသစ္စာ ဘုန်းကြီးကျောင်းကို အလှူလာလုပ်သူတွေကို တင်ဆောင်လာတဲ့ စက်လှေတိမ်းမှောက်ရာ ၁၀ ယောက် သေဆုံးပြီး ၄ ယောက် ပျောက်နေတယ်လို့ နှောကန်ရွာရဲစခန်းက ပြောပါတယ်။ မြစ်သားမြို့နယ် ဟောင်းနွဲ့ရွာက ကိုနန်းလွင် အပါအ၀င် ၂၄ ယောက်ဟာ ဆားတောင်ဆည် ထဲမှာရှိတဲ့ ဗောဓိသစ္စာဘုန်းတော်ကြီးကျောင်းကို အလှူလာလုပ်ကြပါတယ်။ ရွာကနေ ဆားတောင်ဆည်ကို လိုက်ထရပ်ကားနဲ့ လာခဲ့ပြီး ဆားတောင်ဆည်ထဲမှာ ကျော်ဝင်းလှိုင် (အသက် ၁၈ နှစ်) မောင်းတဲ့ စက်လှေနဲ့ ဘုန်းကြီးကျောင်းကို သွားကြရာက တိမ်းမှောက်ခဲ့တာပါ။ နှောကန်ရွာ ရဲစခန်းမှူး ရဲအုပ်အေးမင်းက "မြို့နယ်ရဲတပ်ဖွဲ့နဲ့ မလှိုင်မီးသတ်တပ်ဖွဲ့ နွားထိုးမီးသတ်တပ်ဖွဲ့ သုံးတောင်ရွာက ရေလုပ်သားတွေစတဲ့ အဖွဲ့တွေ ပူးပေါင်းပြီး ကူညီ ကယ်ဆယ်နေပါတယ်။ ကယ်ဆယ်လို့ရတဲ့ အသက်ရှင်သူရော သေဆုံးသူရော ပရဟိတကားတွေ နဲ့ မလှိုင်ဆေးရုံကို ပို့ပေးနေတယ်" လို့ ပြောပါတယ်။ ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးအေးမင်းက "ဘုန်းကြီးကျောင်းရောက်ခါနီးမှာ စက်လှေ မှောက်သွားတယ်။ အဲနားက ရေအနက် ၁၈ ပေလောက်ရှိတယ်။ အဖွဲ့စုံ အားလုံးပူးပေါင်းပြီး ကူညီကယ်ဆယ်နေပါတယ်"လို့ ပြောပါတယ်။ စက်လှေပေါ်မှာ စက်လှေမောင်းသူ အပါအ၀င် ၂၅ ဦးအနက် ၁၁ ဦး အသက်ရှင်ပြီး သေဆုံးသူ ၁၀ ဦးကိုရှာတွေ့ပေမယ့် ကျန် ၄ ဦးကိုတော့ ဌာနဆိုင်ရာတွေနဲ့ ရေလုပ်သားတွေ ပရဟိတအဖွဲ့ တွေ ပူးပေါင်းပြီး ဆက်လက်ရှာဖွေနေကြပါတယ်။ သတင်း-မောင်မောင်လင်း

A d v e r t i s e m e n t With Us

More News
Up