ဒေးဒရဲ လယ်သမားများ လယ်ရေမြုပ်ပြီး အတိဒုက္ခရောက်နေ
DVB
·
December 4, 2012
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ဧရာဝတီတိုင်း ဒေးဒရဲ ပတ်ဝန်းကျင် ကျေးရွာက လယ်တွေ ရေမြုပ်ပြီး လယ်သမားတွေ အတိဒုက္ခရောက်နေကြောင်း ကာယကံရှင် လယ်သမားတွေ ပြောပြချက်အရ သိရပါတယ်။
ဒေးဒရဲမြို့မှာ ခန့်မှန်းခြေ လယ်မြေဧက ၁သိန်း ၈ သောင်းကျော် ရှိတဲ့အနက် လယ်ဧက ၁ သိန်း ၃ သောင်းကျော် ရေနစ်မြုပ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်အသင်း တာဝန်ရှိသူ တဦးက ရှင်းပြပါတယ်။
ဒီလယ်တွေမှာ အဓိကအားဖြင့် ပေါ်ဆန်း ဘေးကျား ဆန်အမျိုးအစားကို စိုက်ပျိုးပြီး ပြီးခဲ့တဲ့နှစ်က ၁ ဧက တင်း ၄၀ ၀န်းကျင် ထွက်ပါတယ်။ အခုနှစ် ရေမြုပ်တဲ့ လယ်မြုပ်ပြီး မမြုပ်တဲ့ အကွက်တွေက စပါးတွေကို အခြောက်လှမ်း ချွေလှေ့တဲ့အခါ ၁ ဧက တင်း ၂၀ ၀န်းကျင်လောက်ပဲ ထွက်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
စပါးဈေးနှုန်းကလည်း မနှစ်က တင်း ၁၀၀ ကျပ် ၅ သိန်းခွဲလောက် ရပေမယ့် ဒီနှစ် ၄ သိန်းခွဲဈေးတောင် ၀ယ်သူမရှိဘူးလို့ လယ်သမားတွေက ပြောပြပါတယ်။ ဒီအတွက် အတိဒုက္ခရောက်နေတဲ့ လယ်သမားတွေဟာ လယ်ပေါင် ချေးငွေရယူပြီး လာမယ့် နွေစပါး စိုက်ပျိုးချင်တယ်လို့ ပြောကြပါတယ်။
မြန်မာနိုင်ငံ ဆန်လုပ်ငန်း အသင်းကတော့ ဒေးဒရဲက လယ်သမားတွေ လတ်တလော အခက်အခဲ ပြေလည်စေဖို့ စပါးတင်း ၁၀၀ ကို ကျပ် ၄ သိန်းခွဲနှုန်းနဲ့ တင်း ၁ သိန်း ၀ယ်ပေးမယ်လို့ ကတိပေးကြောင်း သိရပါတယ်။