Home
မြန်မာသတင်း
ရွှေတိဂုံနှင့် မြောက်ဦးဒေသ  ကမ္ဘာ့အမွေအနှစ်ဖြစ်ရေး ကြိုးပမ်းရန် သမ္မတ တိုက်တွန်း 
ပိုင်စိုး
·
July 24, 2019
ရွှေတိဂုံစေတီတော်နဲ့ မြောက်ဦးဒေသက စေတီပုထိုးတွေကို မြန်မာ့ အမွေအနှစ် အဖြစ်ကနေ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရအောင် ဆက်လက်ကြိုးပမ်းကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။ မနေ့က နေပြည်တော်မှာလုပ်တဲ့ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသူတွေနဲ့ အဖွဲ့အစည်းတွေကို ဂုဏ်ပြုချီးမြှင့်ပွဲနဲ့  ညစာစားပွဲမှာ ပြောခဲ့တာပါ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ၂၀၁၉ ဇူလိုင် ၆ ရက်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်နိုင်ခဲ့တာကြောင့် ရွှေတိဂုံစေတီတော်၊ မြောက်ဦး ရှေးဟောင်းဒေသ၊ ပြဒါးလင်းဂူ အစရှိတဲ့ ရှေးဟောင်းနေရာ ဒေသတွေကိုလည်း မြန်မာ့အမွေအနှစ် အဖြစ်ကနေ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရအောင် ဆက်လက် ကြိုးပမ်းကြဖို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုအမွေအနှစ်တွေ ဗိသုကာလက်ရာ အရည်အသွေးမြင့်မားတဲ့ ဘုရား၊ စေတီ၊ ပုထိုး၊ ကျောင်း၊ တန်ဆောင်း၊ အထိမ်းအမှတ် အဆောက်အအုံတွေနဲ့ မြို့ပြနန်းတော်စတဲ့ ဒြပ်ရှိယဉ်ကျေးမှုတွေနဲ့ မြန်မာနိုင်ငံထဲမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေတွေ စတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ အရင်က ရေးဆွဲခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို အသစ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ပုဂံဒေသက ယဉ်ကျေးမှု အမွေအနှစ်တွေရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စီမံဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအစီအစဉ်တွေ၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေ၊ မြို့ပြလူမှုဘဝဖွံ့ဖြိုးမှု အစီအစဉ်တွေ စတဲ့ အစီအမံတွေ ကို ပြည်သူတွေ ပူးပေါင်းနိုင်မယ့် စီမံခန့်ခွဲမှု နည်းစနစ်တခုကိုလည်း  ဥပဒေနဲ့အညီ ထည့်သွင်းရေးဆွဲထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ကျမတို့ရဲ့ နောင်လာ နောက်သားများဟာလည်း ပုဂံဒေသကို ကြည့်ခြင်းအားဖြင့်၊ တခြားကမ္ဘာတဝန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်တွေကို ကြည့်ခြင်းအားဖြင့် အရင်တုန်းက လူသားတွေဟာ ဘယ်လိုရုန်းကန်ခဲ့ရတယ်၊ ဘယ်လိုနေထိုင်ခဲ့တယ်၊ ဘယ်လိုဘဝကို ရင်ဆိုင်ခဲ့တယ်၊ နောင်လည်း ရင်ဆိုင်သွားကြရမယ်၊ ရပ်တည်သွားရမယ် ဆိုတဲ့ အသိဉာဏ်တွေ ဖြစ်စေပါတယ်’’လို့ ပြောပါတယ်။ ဒါ့အပြင် လူတွေဟာ တယောက်ကိုတယောက် လေးစားဖို့အတွက်အရေးကြီးကြောင်း ဒီအမွေအနှစ်တွေက လမ်းပြနေတယ်လို့ မြင်ကြောင်းလည်း ပြောပါတယ်။ မနေ့က အခမ်းအနားကို နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဒု ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေက ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စတဲ့ ပျူရှေးဟောင်းမြို့တွေကို ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024