Home
မြန်မာသတင်း
မြောက်ဦးမြို့နယ်တွင် အရပ်သားများစီးလာသည့် စက်လှေ သေနတ်ဖြင့်အပစ်ခံရ 
DVB
·
July 23, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တောင်မြင့်ကျေးရွာက အမျိုးသမီးတဦးအပါအဝင် လူ ၄ ဦးဟာ တဖက်ရွာကို စက်လှေတစီးနဲ့ သွားကြစဉ် ဒီနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီကျော်လောက်က သေနတ်နဲ့ အပစ်ခတ်ခံခဲ့ရတာကြောင့် တဦးကို ကျည်ထိမှန် သွားပါတယ်။ တောင်မြင့်ရွာက မောင်နှမသုံးဦးနဲ့ ဆွေမျိုးတဦးတို့ဟာ ကြာကံကျေးရွာကို သူတို့ရဲ့ စက်လှေတစီးတည်းစီးကာ မျိုးစပါးသွားပို့ကြတာဖြစ်ပြီး တိမ်ညိုကျေးရွာ၊ ဒိုင်ကွင်း အနားကို ရောက်စဉ်မှာ သေနတ်နဲ့လှမ်းပစ်ခံရတာလို့ စက်လှေပေါ်မှာ ပါလာသူတဦးက ပြောပါတယ်။ “မောင်နှမတစု စက်လှေနဲ့ လာကြတာကို လှမ်းပစ်လိုက်တာပါ။ ကိုယ့်လမ်းကိုယ် သွားနေကြတာ။ အဲဒီမှာ လှမ်းပစ်တာ။ စစ်သားတွေ ပစ်တာပါ။ အဲဒီနားမှာ စစ်သားတွေရှိတယ်။ စစ်သားတွေက ပစ်လိုက်တာပါ။ ပစ်တာကိုလည်း မြင်လိုက်ပါတယ်။ အဲ့ဒီစစ်သားတွေရှိတဲ့ နေရာကို ရောက်တာနဲ့ လိုက်ပစ်တာပါ”လို့ပြောပါတယ်။ အဲဒီလို အပစ်ခတ်ခံခဲ့ရတာကြောင့် မောင်နှစ်မ ၃ ဦးထဲက အမွှာညီအစ်ကို ၂ ဦးမှာ အကြီးဖြစ်တဲ့ မောင်ဗိုလ်သန်းထွန်း အသက် (၂၂) ရဲ့ နားထင်ကို ကျည်ထိသွားတာကြောင့် လက်ရှိမှာ မြောက်ဦးဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆေးရုံကိုရောက်ရှိနေတဲ့ တိမ်ညိုရွာသား တဦးက ပြောပါတယ်။ “သူတို့မှာ အမွှာပူးညီအစ်ကို နှစ်ယောက်ပါ။ အကြီးရဲ့ နားထင်ကို မှန်သွားတာ။ ကျနော်တို့ မြောက်ဦးဆေးရုံကို ရောက်နေတယ်။ သူတို့အပစ်ခံရတုန်းကတော့ ကျနော်တိမ်ညိုမှာ ရှိတယ်။ ကျနော့် အထင်ကတော့ သူတို့လာချိန်မှာ လှမ်းခေါ်တယ်ထင်တယ်။ ခေါ်တော့ စက်လှေသံနဲ့ ဆိုတော့ မကြားလို့ အဲ့ဒီမှာ လှမ်းပစ်လိုက်တဲ့ ပုံစံမျိုးပါ”လို့ပြောပါတယ်။ မိသားစုတွေရဲ့ ပြောကြားချက်အရ သေနတ်ထိမှန်သွားသူရဲ့ ဒဏ်ရာ အခြေအနေပြင်းထန်တယ်လို့ သိရပေမယ့် မြောက်ဦးဆေးရုံ တာဝန်ရှိသူတွေကို  ဆက်သွယ်လို့ မရသေးပါဘူး။ အဲဒီပစ်ခတ်ခံရမှုနဲ့ ပတ်သတ်ပြီး တပ်မတော်ဘက်ကို မေးမြန်းရာမှာတော့ အဲဒီသတင်းကို မရရှိသေးပေမယ့် စစ်ဆေးဖို့ရှိလို့ ခြောက်လှန့် ပစ်လိုက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။  တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်ဇော်ဦးက “လိုအပ်လို့ စစ်ဆေးဖို့ရှိလို့ မသွားလို့ ခြောက်လှန့်ပစ်တာတော့ ဖြစ်ကောင်းဖြစ်မယ်။ သွားနေတဲ့ စက်လှေကိုတော့ ဒီတိုင်းပစ်မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။ ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ မိုင်းထိသေဆုံးသူ အရပ်သား ၂၉ ဦးရှိပြီး ကလေးငယ်အပါအဝင် ၁၁ ဦးသေဆုံးသွားတာရှိကြောင်း UNICEF အဖွဲ့က ပြောထားပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024