Live
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော် ဆွေးနွေးမည်
အောင်ဆန်းဦး
·
July 23, 2019
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးဖို့ အမည်စာရင်းတင်သွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ဟာ ၁၀၀ ကျော်ရှိ တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ တပ်မတော်သား ကိုယ်စားလှယ်ဦးရေ ၈၀ နီးပါးက ပါဝင်ဆွေးနွေးဖို့ အမည်စာရင်း တင်သွင်းထားပြီး လွှတ်တော်အတွင်း နေရာအများစုရရှိထားတဲ့  အန်အယ်ဒီ ပါတီအနေနဲ့ ကိုယ်စားလှယ် ၆ ဦးသာ ပါဝင်ဆွေးနွေးဖို့ အမည်စာရင်းတင်သွင်းထားတယ်လို့ လွှတ်တော်ကိုယ်စာလှယ်တွေထံက သိရပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “ငါကတော့ အစောဆုံး စာရင်းပေးထားတာပဲ။ တပ်မတော်ကတော့ ကိုယ်စားလှယ် ၇၀ ကျော် ဆွေးနွေးဖို့ စာရင်းပေးထား တယ်လို့ သိရတယ်”လို့  ပြောပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တဦးကို မေးမြန်းရာမှာတော့ “စာရင်းက အတိအကျပြောလို့ မရသေးဘူး။ ကျနော်ကိုယ်တိုင်လည်း မသိသေးဘူး။ စာရင်းသွားပေးတာက ကျနော်မဟုတ်ဘူး။ The Voice ကတော့ ၈၀ နီးပါးလို့ ရေးထားတယ်။ အတိအကျပြောလို့မရဘူး။ မနက်ဖြန် လွှတ်တော်မှာတော့ အတိအကျ သိရမှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ စတင်ဖွဲ့စည်းချိန်ကနေ အစီရင်ခံစာ တင်သွင်းချိန်အထိ တပ်မတော်နဲ့အတူ ကန့်ကွက်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေကတော့ ကိုယ်စားလှယ် ၂၇ ဦး အမည်စာရင်းတင်သွင်းထားပါတယ်။ ကြံ့ခိုင်ရေး ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက “ဆွေးနွေးဖို့အတွက် ၂၇ ဦး အမည်စာရင်း ပေးသွင်းထားတယ်။ ပူးပေါင်းကော်မတီ တင်သွင်းထားတဲ့ အစီရင်ခံစာအပေါ်မှာပဲ ဆွေးနွေးသွားမှာပါ။ နောက်ဆက်တွဲ ဇယားပါ အချက်တွေကို မဆွေးနွေးဘူး”လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ တင်သွင်းထားတဲ့ အစီရင်ခံစာပါ ပြင်ဆင်လိုတဲ့ အချက်ပေါင်း ၃၇၀၀ ကျော်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြင်ဆင်ချက်ပေါင်း ၁၀၀၀ ကျော်နဲ့ အများဆုံး အဆိုပြုခဲ့တာဖြစ်ပြီး ရခိုင်အမျိုးသားပါတီကတော့ ပြင်ဆင်လိုတဲ့ အချက်ပေါင်း ၈၀၀ ကျော်နဲ့ ဒုတိယအများဆုံး အဆိုပြုထားတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပြင်ဆင်လိုတဲ့ အချက် ၁၀၀ ကျော်သာ အဆိုပြုထား တာဖြစ်ပြီး အချက်အားလုံးဟာ ဒီမိုကရေစီ စနစ်အားကောင်းစေရန် ရည်ရွယ်ကြိုးစား ထားခြင်းဖြစ်ပါတယ်။ မကြာခင် ကာလအတွင်း ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမယ့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ထောက်ခံဆန္ဒပြတာရော ကန့်ကွက် ဆန္ဒထုတ်ဖော်တာတွေပါ  ရှိနေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024