တူရကီတွင် အမေရိကန်ဒေါ်လာအတု ၂၇၁ သန်းဖိုး သိမ်းဆည်းရမိ

တူရကီအာဏာပိုင်တွေဟာ ဇူလိုင် ၁၉ ရက်နေ့က မြို့တော် အစ္စတန်ဘူလ်မှာရှိတဲ့ ပုံနှိက်စက်လုပ်ငန်းတခုကို ဝင်ရောက်စီးနင်းမှုအတွင်း အမေရိကန်ဒေါ်လာ ၂၇၁ သန်းဖိုး တန်ဖိုးရှိတဲ့ ငွေစက္ကူအတုတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒေသခံရဲတပ်ဖွဲ့အပြင် ရာဇဝတ်မှုနဲ့ မှောင်ခိုတိုက်ဖျက်ရေး အာဏာပိုင်တွေ ပူးပေါင်း စီးနင်းခဲ့တဲ့ အဲဒီပုံနှိပ်စက်ရုံမှာ ပုံးတွေနဲ့ထည့်ထားတဲ့ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအတုတွေကို တွေ့ခဲ့ရတာပါ။
ငွေစက္ကူအတုတွေ ထုတ်လုပ်တာနဲ့ ပတ်သက်လို့ လူငါးယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီထဲက တယောက်ဟာ ပြီးခဲ့တဲ့ သုံးနှစ်ကျော်က တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး တူရကီအစိုးရက ကန့်သတ်ထားတဲ့အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ သံသယရှိသူ စာရင်းထဲမှာ ဝင်ခဲ့ဖူးပါတယ်။
၂၀၁၆ ခုနှစ် ဇူလိုင်လက တူရကီနိုင်ငံရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုကို အမေရိကန်အခြေစိုက် မွတ်စလင် ဘာသာရေးဆရာ ဖာသူလာ ဂူလန်က နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တယ်လို့ တူရကီအစိုးရက စွပ်စွဲခဲ့တာပါ။
တူရကီအစိုးရရဲ့ စွပ်စွဲချက်ကို ဂူလန်က ငြင်းဆိုခဲ့ပါတယ်။ ဒါ့ကြောင့် အာဏာပိုင်တွေက ငွေစက္ကူအတု ပြဿနာဟာ ဂူလန်ရဲ့ ကွန်ရက်နဲ့ ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးနေပြီး နောက်ထပ် သံသယရှိသူ နှစ်ယောက်ကိုလည်း ဆက်ရှာနေကြပါတယ်။