ကလေးမြို့နယ်၊ ကံကြီးရွာတွင် မိုးခေါင်နေသဖြင့် လွန်ဆွဲပွဲ ကျင်းပ
DVB
·
July 23, 2019
ကလေးမြို့နယ်၊ ကံကြီးရွာမှာ စိုက်ပျိုးစပါး မိုးရေမရတာကြောင့် ရှေးအစဉ်အလာအတိုင်း လွန်ဆွဲပွဲကို ဇူလိုင် ၂၀ ရက်နဲ့ ၂၂ ရက်မှာ ၂ ကြိမ်တိုင်တိုင် ရွာလုံးကျွတ် ကျင်းပခဲ့ပါတယ်။
"နှစ်စဉ် မိုးကောင်းရင်တော့ ဒီအချိန်ဆို စပါးစိုက်လုပ်ငန်း သိမ်းခါနီးနေပြီ။ စပါးက ဇူလိုင် လဆန်းမှာ စစိုက်တယ်။ သြဂုတ်လ ၂၀ လောက်ဆို စိုက်လုပ်ငန်း သိမ်းပြီ။ ဒီနှစ်တော့ ကြဲထားတဲ့ ပျိုးပင်တွေ ရေမရလို့ တတ်နိုင်တဲ့ နည်းလည်းဖြစ် ရှေးလူကြီးတွေရဲ့ စကားအတိုင်း လွန်ဆွဲတာပါ" လို့ ကံကြီးရွာနေ ဦးကျော်စွာက ပြောပါတယ်။
ကလေးနယ်ဟာ စိုက်ပျိုးမြေပေါတဲ့ အထက်ချင်းတွင်းရဲ့ စပါးကျီတခုအဖြစ် ထင်ရှားခဲ့တဲ့ ဒေသဖြစ်ပြီး ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း အစုံ ဖြစ်ထွန်းတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ မိုးရေ မရတာကြောင့် စပါးစိုက်ပျိုးဖို့ ဧကပေါင်း ၅ သောင်းကျော်အထိ အခက်အခဲ ဖြစ်နေပါတယ်။
"မိုးမရလို့ လယ်ကွင်းထဲမှာ ဆိုင်ကယ် ပတ်စီးလို့တောင် ရနေတယ်" လို့လည်း ကံကြီးရွာ ဒေသခံ အမျိုးသမီးတဦးက ဆိုပါတယ်။
ရှေးအစဉ်အလာ အရ မိုးရွာဖို့ လွန်ဆွဲရုံတင် မဟုတ်ပဲ ရွာပိုင်ကွင်းပိုင် နတ်နန်းဆီ ပူဇော်ပသမှုတွေလည်း လုပ်ခဲ့ပြီး ဒေသခံ ရွာသူရွာသားတွေနဲ့အတူ ကျောင်းသားသူငယ်တွေပါ ပါဝင်ခဲ့ကြပါတယ်။
မိုးခေါ်လွန်ဆွဲရာမှာ အမျိုးသမီးတဘက် အမျိုးသားတဘက်ဆွဲရပြီး အမျိုးသမီးဘက်က နိုင်တဲ့အခါ မိုးရွာတယ်ဆိုတဲ့ အယူအဆရှိတဲ့ ပျော်စရာကောင်းတဲ့ ရိုးရာ အယူအဆပွဲ ဖြစ်ပါတယ်။
သတင်း- မင်းရဲစစ်နိုင်