A d v e r t i s e m e n t With Us

စစ်ကိုင်းနှင့် မန္တလေးတွင် ရေကြီး၊ လူ ၂၀,၀၀၀ ခန့် ရေဘေးရှောင်နေရ

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့ရှိ မြို့နယ်အချို့မှာ ရေကြီးရေလျှံမှုတွေ ဆက်လက် ဖြစ်ပေါ်နေပြီး လူဦးရေ ၂၀,၀၀၀ လောက် ရေဘေးရှောင်နေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ရေဘေးရှောင်ပြည်သူ ၁၀၀၄၃ ဦး၊ စစ်ကိုင်းမြို့နယ် ၈၈၃၀ ဦး ရှိနေပြီး ရေဘေးရှောင်ပြည်သူတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆန်ရိက္ခာ ထောက်ပံ့လှူဒါန်း ထားတယ် လို့ ဌာန သတင်းမှာ ဖော်ပြပါတယ်။ ဒီကနေ့မနက်အထိ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူမြို့တို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေ အမှတ်အထက် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့တွေမှာ  စိုးရိမ်ရေအမှတ် မရောက်သေးပေမယ့် ဆက်လက် မြင့်တက်မယ့် အခြေအနေရှိနေလို့ မြစ်ကမ်းပါးအနီးနေထိုင်သူတွေ၊ အနိမ့်ပိုင်းနေသူတွေ ပိုမိုဂရုပြု နေထိုင်ကြဖို့ သက်ဆိုင်ရာက အသိပေးနှိုးဆော်ထားပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်နဲ့ ရွှေကူမြို့တို့မှာ ဇူလိုင်ဒုတိယပတ်အတွင်း ရေကြီးရေလျှံမှုခဲ့ပြီး အခု ရေပြန်ကျသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လတို့မှာ ရေကြီးရေလျှံမှုတွေ  ဖြစ်ပေါ် လေ့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up