စီအိုင်အေသူလျှို ၁၇ ဦးကို ဖမ်းပြီး အချို့ကို သေဒဏ်ပေးခဲ့ဟု အီရန်မီဒီယာ ဖော်ပြ

2.3K
အီရန်အစိုးရက အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) အတွက် အလုပ်လုပ်ပေးနေတဲ့ သူလျှို ၁၇ ယောက်ကို ဖမ်းခဲ့ပြီး တချို့ကို သေဒဏ်ပေးပြီးပြီလို့ အီရန်မီဒီယာက ဇူလိုင် ၂၂ ရက်မှာ ဖော်ပြပါတယ်။
သံသယဖြစ်ဖွယ် သူလျှိုတွေနဲ့ တွေ့နေတဲ့ စီအိုင်အေ အရာရှိတွေရဲ့ ပုံလို့ ပြောတဲ့ ပုံရိပ်တွေကိုလည်း အီရန်အစိုးရရုပ်သံက ထုတ်လွှင့်ကြေညာပါတယ်။ အီရန်ရဲ့စွဲချက်ကို စီအိုင်အေက ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုကတော့ အီရန်ရဲ့ ကြေညာချက်ကို ပယ်ချပြီး အီရန်အစိုးရမှာ အလိမ်အညာသမိုင်းကြောင်း အရှည်ကြီးရှိတယ်လို့ ပြောဆို တုံ့ပြန်ပါတယ်။
သံသယဖြစ်ဖွယ် စီအိုင်အေ သူလျှိုကွန်ရက်ကို ဖြိုခွဲခဲ့ပြီးပြီလို့ အီရန်က ဇွန်လမှာ ကြေညာခဲ့ဖူးပါတယ်။ ဒါပေမယ့် တနင်္လာနေ့ ကြေညာချက်နဲ့ ပတ်သက်မှုရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အီရန်အပေါ် အမေရိကန်က ဒဏ်ခတ်မှု စတင်သက်ရောက်တဲ့ မေလကစပြီး အီရန်နဲ့ အနောက်ဥရောပ နိုင်ငံတွေကြား ထိပ်တိုက်တွေ့မှု တိုးလာတဲ့ ၃ လအပြီး ခုလို ကြေညာချက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။