မဲခေါင်မြစ်ရေ နှစ် ၁၀၀ အတွင်း အဆိုးရွားဆုံး ခန်းခြောက်

ဓာတ်ပုံ - thethaiger
အရှေ့တောင်အာရှနိုင်ငံပေါင်း ၆ နိုင်ငံကို ဖြတ်သန်းစီးဆင်းနေတဲ့ မဲခေါင်မြစ်ကြီးဟာ နှစ်ပေါင်းတရာအတွင်း အဆိုးရွားဆုံး ရေခန်းခြောက်မှုနဲ့ ကြုံတွေ့နေရတယ်လို့ sanook ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းဖနွန်ခရိုင်တွင်း စီးဆင်းသွားတဲ့အပိုင်းမှာ မြစ်ရေဟာ တနေ့ကို ၁၀ မှ ၂၀ စင်တီမီတာထိ တရိပ်ရိပ်ကျဆင်းနေပြီး နဂိုက ရေချိန်အမှတ် ၁၁ မီတာရှိရာမှာ အခုဆိုရင် ၁ မီတာခွဲထိ ကျဆင်းနေတယ်လို့ ဆိုပါတယ်။ ခရိုင်ထဲက နမ့်အွနု၊ နမ့်ကမ့်၊ ဆုန်ခရမ်း အစရှိတဲ့ မဲခေါင်မြစ်လက်တက်တွေမှာလည်း ရေတွေခန်းခြောက်နေသလို မြို့နယ် ၁၂ မြို့နယ်တွင်းရှိ ရေပေးဝေတဲ့ ဆည်တွေမှာလည်း ရေတွေ ၂၀ ရာခိုင်နှုန်းသာ ကျန်ရှိကြောင်း၊ ဒါကြောင့် ခုတပတ်တွင်း မိုးမရွာရင် အဲဒီဒေသက မိုးစပါးစိုက်ခင်းတွေ အတော်များများ ပျက်စီးဆုံးရှုံးဖွယ်ရှိပြီး လယ်သမားတွေ ဒုက္ခရောက်နိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ နခွန်းဖနွန်ခရိုင် ထာ့ဥထောင်းန်မြို့နယ်ရှိ ဝိန်းဖရဘတ် ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓခြေတော်ရာဘုရားဟာ မဲခေါင်မြစ်အစပ် ရေလယ်မှာရှိပြီး ဘုရားဖူးဧည့်သည်တွေ အနေနဲ့ ခါတိုင်းနှစ်တွေဆိုရင် နွေရာသီ ရေကျချိန်မှာ ခြေတော်ရာ ဖူးမြော်နိုင်ပေမယ့်လည်း ဒီနှစ်မိုးတွင်းမှာ ခြေတော်ရာပေါ်နေပြီမို့ နှစ်တရာတွင်း ထူးခြားတဲ့ဖြစ်ရပ်ဖြစ်ကြောင်း အသက် ၆၈ နှစ်အရွယ် ဒေသခံ အဖွားအိုက သတင်းထောက်ကို ပြောပါတယ်။ ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသဟာ ဆန်စပါး အများဆုံးစိုက်ပျိုးတဲ့ ဒေသဖြစ်ပြီး ဒီနှစ်ထဲ မိုးခေါင်နေတာကြောင့် ဒေသခံတွေက ရိုးရာဓလေ့ မိုးခေါ်ပွဲတွေ ကျင်းပနေသလို ထိုင်းအမျိုးသားမိုးတုထုတ်လုပ်ရေးဌာနကလည်း လေယာဉ်ပေါ်ကနေ မိုးအတု ရွာသွန်းပေးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီမိုးအတုကို တိမ်ထူထပ်နေမှသာ လုပ်ဆောင်နိုင်တာကြောင့် တိမ်တွေလျော့ပါးရင် အခက်အခဲရှိတယ်လို့ မိုးအတုဌာနက ထုတ်ပြန်ထားပါတယ်။ မဲခေါင်မြစ်ဟာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းလျက် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up