A d v e r t i s e m e n t With Us

ကုလနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ကွယ်လွန်

ကုလသမဂ္ဂရဲ့ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ယူခိယာအာမာနို ကွယ်လွန်သွားပြီလို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ဇူလိုင် ၂၂ ရက်မှာ ပြောပါတယ်။ အသက် ၇၂ နှစ်အရွယ် ဂျပန်နိုင်ငံသား အာမာနိုဟာ ကျန်းမာရေး အခြေအနေကြောင့် ရာထူးက အနားယူဖို့ ပြင်ဆင်နေချိန်မှာပဲ ကွယ်လွန်သွားခဲ့တာပါ။ အာမာနိုဟာ IAEA ရဲ့ ဒါရိုက်တာချုပ်ရာထူးကို ၂၀၀၉ ခုနှစ်ကတည်းက ထမ်းဆောင်ခဲ့ပြီး အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ သံတမန်ရေး တင်းမာနေတဲ့ ကာလတွေမှာ IAEA အဖွဲ့ကို ပဲ့ကိုင်ခဲ့သူပါ။ အာမာနိုရဲ့  IAEA ဒါရိုက်တာချုပ်ရာထူး တတိယကြိမ်မြောက်သက်တမ်းဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ သူဟာ မတ်လကတည်းက ရာထူးကနုတ်ထွက်ဖို့ ပြင်ဆင်ခဲ့တာပါ။ အာမာနိုဟာ ကျန်းမာရေး ကုသမှုတခု ခံယူခဲ့ရတယ်လို့ IAEA အဖွဲ့က ၂၀၁၈ စက်တင်ဘာလမှာ ကြေညာခဲ့ပေမယ့် ရောဂါအကြောင်းအရင်း အတိအကျကိုတော့ မဖော်ပြခဲ့ပါဘူး။ ဒါပေမယ့် အာမာနိုဟာ တဖြည်းဖြည်း အားနည်းလာပုံရတယ်လို့ တော်တော်များများက သုံးသပ်ကြပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ရာထူးကို ဘယ်သူဆက်ခံမှာလဲဆိုတာ မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up