အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ် ၁ ခု၊ ကြေး ၁ ခုရရှိ

575
အင်ဒိုနီးရှားနိုင်ငံ၊ ဆီမာရန်မြို့မှာ ကျင်းပနေတဲ့ (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ်ဆု ၁ ခုနဲ့ ကြေး ၁ ခု ဆွတ်ခူး ရရှိထားပါတယ်။
မြန်မာအားကစားအဖွဲ့ဟာ ပြေးခုန်ပစ်အားကစားနည်း ကြိုးတပ်သံလုံးပစ်အားကစားနည်းမှာ စံချိန် ၅၆-၈၆မှတ်နဲ့ သံလုံးပစ် အားကစားသမား စောဒီဇင်ဘာသိန်းက နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို ရယူပေးခဲ့တာပါ။
မီတာ ၃၀၀၀ အပြေးပြိုင်ပွဲမှာတော့ မြန်မာအပြေးသမား လွီးဇာက စံချိန် ၁၀း၄၉.၉၇ နဲ့ ကြေး တံဆိပ် တခုရရှိခဲ့တယ်လို့ အားကစားဌာနက သတင်းထုတ်ပြန်ပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံတွေက ကျောင်းသူကျောင်းသားတွေ ပါဝင်ယှဉ်ပြိုင်နေကြတဲ့ ဒီပြိုင်ပွဲကို ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့အနေနဲ့ ပြေးခုန်ပစ်၊ ဘော်လီဘော (အမျိုးသား)၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နဲ့ တင်းနစ် ကစားနည်း ၅ မျိုးမှာ အားကစားသမား ၃၅ ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။
မနေ့ညအထိ ပြိုင်ပွဲရလဒ်တွေအရ အိမ်ရှင် အင်ဒိုနီးရှားက ရွှေတံဆိပ် ၁၉ ခုနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ထိုင်းက ရွှေ ၁၆ ခုနဲ့ ဒုတိယ၊ မလေးရှားက ရွှေ ၁၅ ခုနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး မြန်မာက နိုင်ငံအလိုက် အဆင့် ၇ မှာရပ်တည်နေပါတယ်။
ဓာတ်ပုံ-MOSPORT