Home
မြန်မာသတင်း
အတွင်းဝန်ရုံး၏ သိမ်ဖြူလမ်းဘက် အဆောက်အဦများကို ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပြသမည်
အာကာ
·
July 22, 2019
ရန်ကုန်ရှိ သမိုင်းဝင် အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ရဲ့ သိမ်ဖြူလမ်းဘက်က အဆောက်အဦတွေကို ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပြသနိုင်မယ်လို့ အတွင်းဝန်များရုံး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ထံက သိရပါတယ်။ အတွင်းဝန်ရုံးကို ၂၀၁၇ ခုနှစ်ကစပြီး အနော်မာ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နဲ့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) တို့က ပြုပြင်ထိန်းသိမ်းနေတာပါ။ အတွင်းဝန်များရုံး ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါက်တာ မောင်မောင်သိမ်း က “သိမ်ဖြူလမ်းဘက်အခြမ်းက ပြုပြင်ထိန်းသိမ်းနေတာတွေက ဒီ ၂၀၁၉ ထဲပြီးမယ် ဖွင့်လှစ်ပြသနိုင်မယ်။ ပြတိုက်အခြမ်း(ဗိုလ်အောင်ကျော်လမ်းဘက်)က ၂၀၂၀ နောက်ပိုင်းမှ ပြီးမယ်”လို့  ပြောပါတယ်။ အတွင်းဝန်ရုံးပြီးပါက အာဇာနည်ပြတိုက်အဖြစ်ပါ ဖွင့်လှစ်ပြသသွားမှာ ဖြစ်ပြီး လွှတ်တော်ပြတိုက်၊ မြန်မာ့ယဉ်ကျေးမှုပြခန်း၊ တိုင်းရင်းသားတွေရဲ့ အသုံးအဆောင်ပစ္စည်း အရောင်းဆိုင်တွေနဲ့ ပြခန်းတွေကိုပါ ခင်းကျင်းပြသမယ့်အပြင်  အပြင်ဘက်ဝန်းကို ပြည်သူတွေ ဝင်ရောက်နိုင်တဲ့ ပန်းခြံအဖြစ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အတွင်းဝန်ရုံး ၁၆ ဧကကျယ်ဝန်းပြီး ပြုပြင်တဲ့လုပ်ငန်းတွေမှာ အမေရိကန် ဒေါ်လာ ၂၁ သန်း ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိ  အတွင်းဝန်များရုံးအဆောက်အအုံကို ၁၈၉၆ ခုနှစ်က စတင်စလုပ်ခဲ့ကာ ပင်မအဆောက်အအုံကို ၁၉၀၂ ခုနှစ်မှာ အပြီးသတ်ခဲ့ပြီး အရှေ့နဲ့အနောက်ဘက် အပိုင်းတွေ ကတော့ ၁၉၀၅ ခုနှစ်မှာ ဆောက်လုပ်ပြီးဆုံးခဲ့ပါတယ်။ အတွင်းဝန်ရုံး ပရိဝုဏ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးလွှတ်တော်အဆောက်အအုံ တည်ရှိခဲ့ပြီး ၁၉၄၇ ခုနှစ်ကနေ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်မတိုင်ခင်ထိ လွှတ်တော်အစည်းအဝေးတွေ ကျင်းပခဲ့ပါတယ်။ မဆလ အစိုးရလက်ထက်နဲ့ စစ်အစိုးရလက်ထက်မှာတော့ ၀န်ကြီးများရုံးအဖြစ် အသုံးပြုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024