Home
မြန်မာသတင်း
ပိန်းဇလုပ်တံတား သတ်မှတ်ချက်အတိုင်းမဆောက်သဖြင့် ဒေသခံများ သွားလာရေး အခက်ကြုံ
DVB
·
July 22, 2019
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ရွာမနဲ့ ခင်ကန့်လန့် ကျေးရွာကို ဆက်သွယ်ထားတဲ့ တံတားတည်ဆောက်ရာမှာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘဲ တည်ဆောက်သွားခဲ့တာကြောင့် လမ်းခရီးသွားလာရာမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညောင်လေးပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၁၉ ခုနှစ် ၅ လပိုင်းက သိန်း ၂၀၀ ကျပ် အကုန်အကျခံကာ အကျယ် ၁၄ ပေ အရှည် ၂၄ ပေ ကွန်ကရစ်တံတားကို တည်ဆောက်ခဲ့တာပါ။ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက သတ်မှတ်ထားတဲ့ တံတားအကျယ်ဟာ ၁၄ ပေရှိရမှာ ဖြစ်ပေမယ့် လက်ရှိမှာ တံတားအကျယ်ဟာ ၁၀ ပေ နဲ့ ၃ လက်မပဲ ရှိတာကြောင့် တံတားမှာ ကျဉ်းမြောင်းနေပြီး ခရီးသွားလာရာမှာ အခက်အခဲဖြစ်ပေါ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတံတားဟာ ပိန်းဇလုပ်မြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့တွေမှာရှိတဲ့ ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ အဓိကမိန်းလမ်းမကြီးပေါ်က တံတားတစင်းဖြစ်ပြီး ယာဉ်တွေသွားလာရာမှာ အခက်အခဲဖြစ်နေတာကြောင့် ၁၀ ပေ ကို လက်မခံနိုင်ဘူးလို့ ဒေသခံ ဦးစိုးလွင်က ပြောပါတယ်။ “သူတို့က တံတားဘောင်ကို ဖျက်ပြီးပြန်ချဲ့မယ်လို့ ပြောတယ်။ ဒီလိုသာဆောက်ပြီးမှ ပြန်ချဲ့မယ်ဆိုတာ နိုင်ငံတော်ရဲ့ ငွေလည်း ဆုံးရှုံးရတယ်။ ဘေးကနေ ပြန်ချဲ့မယ်ဆိုတော့ တံတားခံနိုင်ဝန်လည်း သာမာန်ထက် လျှော့သွားနိုင်တယ်။ အစကတည်းက တဆက်တည်း ၁၄ ပေ လောင်းထားမယ်ဆို ဒီပြဿနာ ရှိလာမှာ မဟုတ်တော့ဘူး” လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညောင်လေးပင်မြို့နယ် ဦးစီးအရာရှိကို ဒီဗွီဘီက အကြိမ်ကြိမ် သွားရောက်ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024