ဂါရတ်ဘေးလ် ရီးရဲလ်မှ ထွက်တော့မည်ဟု ဇီဒန်း အတည်ပြု

ဓာတ်ပုံ - Getty Images
1.1K
ဂါရတ်ဘေးလ်ကို ရောင်းချဖို့ အမည်မဖော်လိုတဲ့ ကလပ်အသင်းတခုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ရီးရဲလ်နည်းပြ ဇီဒန်းက ပြောဆိုခဲ့ပြီးနောက် ဘေးလ်ဟာ မကြာခင်မှာ အသင်းသစ်တသင်းကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။
ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ဟာ ဘေးလ်ကို အသင်းမှာ ဆက်ရှိနေစေချင်ပေမယ့် ဇီဒန်းက အသင်းရဲ့ အပြောင်းအရွှေ့အတွက် အဟန့်အတားတခုလို ဖြစ်နေတဲ့ ဘေးလ်ကို အသင်းကနေ ရှင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။
ဘေးလ်ဟာ လာမယ့်ရာသီအတွက် သူ့ရဲ့စီမံကိန်းမှာ မပါဝင်တော့ဘူးလို့ ဇီဒန်းက အတည်ပြု ပြောဆိုလိုက်ပြီး သူ့အပြောင်းအရွှေ့ကိစ္စကို ဆောင်ရွက်နေတာကြောင့် ဘိုင်ယန်နဲ့ ကစားတဲ့ ခြေစမ်းပွဲကို လွဲချော်ရတာ ဖြစ်တယ်လို့လည်း ဇီဒန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘေးလ်ရဲ့အသင်းသစ်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတသင်းသင်း ဖြစ်နိုင်ပြီး မန်ချက်စတာယူနိုက်တက်ဘက်က ဘေးလ်ကို လိုချင်တယ်လို့ သတင်းထွက်ခဲ့ဖူးပေမယ့် သူ့အသင်းဟောင်း တော့တင်ဟမ်ကို ရောက်ရှိသွားဖို့ ရာခိုင်နှုန်း ပိုများနေပါတယ်။
“ဘေးလ်ကို အသင်းကနေ ရောင်းထုတ်ရတာ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်တာဖြစ်တယ်” လို့ ဇီဒန်းက ပြောပါတယ်။
“ဘေးလ်ရဲ့ အပြောင်းအရွှေ့ဟာ လာမယ့် ၁ ရက်၊ ၂ ရက်အတွင်း ဖြစ်နိုင်သလို တတ်နိုင်သမျှ စောစောပြောင်းရွှေ့နိုင်ခဲ့ရင်လည်း ဒါဟာ အသင်းရော ကစားသမားအတွက်ပါ ကောင်းမွန်တဲ့ ကိစ္စတခု ဖြစ်လာနိုင်ပါတယ်” လို့လည်း စပိန်ကလပ်ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ တော့တင်ဟမ်အသင်းကနေ ရီးရဲလ်အသင်းကို ၂၀၁၃ ခုနှစ်မှာ ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းနဲ့ ရောက်ရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ဒါဟာ ကမ္ဘာ့စံချိန်တင် အပြောင်းအရွှေ့လည်း ဖြစ်ခဲ့ပါတယ်။
ဒဏ်ရာပြဿနာများစွာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဝေးလ်လက်ရွေးစင် တိုက်စစ်မှူးဟာ ရီးရဲလ်အသင်းရဲ့ ချန်ပီယံလိဂ် ဖလားလေးလုံး၊ လာလီဂါနဲ့ တခြားဆုဖလားများစွာ ရရှိရေးမှာ တထောင့်တနေရာကနေ အထောက်အကူ ပြုနိုင်ခဲ့ပါတယ်။