ကိုင်ရိုသွားမည့် လေကြောင်းခရီးစဉ်များကို ဗြိတိသျှလေကြောင်းလိုင်း ရပ်ဆိုင်း

827
လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဗြိတိသျှလေကြောင်းလိုင်းနဲ့ လုဖ်သမ်ဆာ လေကြောင်းလိုင်းတို့ဟာ အီဂျစ်မြို့တော် ကိုင်ရိုကိုသွားမယ့် လေကြောင်းခရီးစဉ်တွေကို ဇူလိုင် ၂၀ ကစပြီး ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။
ဘာကြောင့်ရပ်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။
ကမ္ဘာတလွှားက လေဆိပ်တွေရဲ့ လုံခြုံရေး အစီအစဉ်တွေကို စဉ်ဆက်မပြတ် သုံးသပ်ပါတယ်။ နောက်ထပ် လုပ်စရာတွေ လုပ်ခွင့်ပြုဖို့ သတိထားတဲ့အနေနဲ့ ကိုင်ရိုကိုပျံမယ့် လေကြောင်းခရီးစဉ်တွေကို ၇ ရက်ကြာ ဆိုင်းငံ့လိုက်တယ်လို့ ဗြိတိသျှ Airways က ကြေညာချက် ထုတ်ပြန်ပါတယ်။
ကြေညာချက်ကြောင့် ခရီးစဉ် ထိခိုက်တဲ့သူတွေ လေကြောင်းလိုင်းကို ဆက်သွယ်ကြဖို့ ဗြိတိန် နိုင်ငံခြားရေးရုံးက အကြံပြုပြီး ခရီးသွားမှု သတိပေးချက်ကို စနေနေ့က ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင် ၁၇ နဲ့ ၁၈ ရက်တွေမှာ ဗြိတိန်ဝန်ထမ်းတွေက ကိုင်ရိုလေဆိပ်မှာ လုံခြုံရေး စစ်ဆေးနေခဲ့တယ်လို့ အီဂျစ်လေဆိပ်လုံခြုံရေး သတင်းရင်းမြစ် ၃ ရပ်က ရိုက်တာသတင်းဌာနကို ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
အီဂျစ် အရပ်ဘက် လေကြောင်းဝန်ကြီးဌာနက ကိုင်ရိုမှာရှိတဲ့ ဗြိတိန်သံရုံးကို ဆက်သွယ်ခဲ့တယ်၊ လေကြောင်းခရီးစဉ်တွေ ဆိုင်းငံ့မယ့် ဆုံးဖြတ်ချက်ကို ဗြိတိန် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေက ထုတ်ပြန်တာ မဟုတ်ဘူးလို့ စနေနှောင်းပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒီကာလအတွင်း ခရီးသည်တွေကို သယ်ယူပို့ဆောင်ဖို့ ကိုင်ရိုကနေ လန်ဒန်ကိုသွားမယ့် လေကြောင်းခရီးစဉ်တွေကို ထပ်ပြီး တိုးချဲ့ပေးမယ်လို့လည်း အီဂျစ်ဝန်ကြီးဌာနက ပြောပါတယ်။
၂၀၁၅ မှာ ရုရှားခရီးသည်တင် ဂျက်လေယာဉ် ဗုံးခွဲခံရတဲ့ အီဂျစ် အပန်းဖြေစခန်းသာမြို့ ရှမ်းအီလ်ရှိတ်ခ်ဆီ လေကြောင်းအသွားအပြန် မလုပ်ကြဖို့ ဗြိတိန်အစိုးရက အကြံပြုထားခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ခုလို သတိပေးချက်တော့ ထုတ်ပြန်တာ မရှိဖူးသေးပါဘူး။