မြို့ ၅ မြို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်

ဒီနေ့မနက် ၇ နာရီခွဲတိုင်းတာချက်အရ မြို့ ၅ မြို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတယ်လို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်လိုက်ပါတယ်။
ဧရာဝတီမြစ်ရေဟာ သပိတ်ကျင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၄၈၀ ကနေ ၁၄၉၆ စင်တီမီတာ၊ မန္တလေးမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၂၆၀ ကနေ ၁၂၈၅ စင်တီမီတာ၊ စစ်ကိုင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၁၅၀ ကနေ ၁၁၇၃ စင်တီမီတာ၊ မြင်းမူမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၁၅၀ ကနေ ၁၁၅၃ စင်တီမီတာအထိ ကျော်လွန်နေပါတယ်။
ဒုဋ္ဌ၀တီဖြစ်ရေကတော့ မြစ်ငယ်မြို့ရဲ့ စိုးရိမ်ရေမှတ် ၈၇၀ ကနေ ၈၉၄ စင်တီမီတာအထိ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေတယ်လို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပါတယ်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း မကွေးတိုင်း၊ ချင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နဲ့ ကရင်ပြည်နယ်တို့မှာ ရောကွက်ပြီး မိုးကြီးနိုင်ပါတယ်။
မြန်မာကမ်းရိုးတန်းတလျှာက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့်ရှိနိုင်ပါတယ်။
နိုင်ငံတဝန်းရေကြီးရေလျှံတာတွေကြောင့် ဇူလိုင်လထဲမှာ လူပေါင်း ၅ သောင်းလောက် ရေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။ တိုင်းနဲ့ပြည်နယ် ၈ ခုမှာ ရေကြီးခဲ့တာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၁ သောင်းလောက်ဟာ ရေဘေးရှောင်စခန်းတွေကို ပြောင်းရွှေ့ခဲ့ရတာပါ။