မူဆယ်တွင် ကျပ်သိန်း ၁ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ရှမ်းပြည်နယ် မူဆယ်မြို့ ဂိုထောင်တခုထဲကနေ မူးယစ်ဆေး ကျပ်သိန်း ၁၀၀၀၀ ကျော်ဖိုးဖမ်းမိပြီး ဂိုထောင်ပိုင်ရှင်ကိုတော့ မမိခဲ့ဘူးလို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက သတင်းထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ၂၂ မူဆယ်က တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့က နေ့လယ် ၁၂ နာရီခွဲမှာ မူဆယ်မြို့နယ်၊ နမ့်အွန်ရွာက အသက် ၃၀ အရွယ် ကျောက်တဲ့ယုံ ဖွင့်ထားတဲ့ စက်သုံးဆီဆိုင်၊ နေအိမ်နဲ့ ဂိုထောင်တို့ကို ရှာဖွေခဲ့ပါတယ်။
သူ့ကို မတွေ့ရဘဲ တရွာတည်းနေ အသက် ၄၈ နှစ်အရွယ် တင်ဆွေမြင့်နဲ့ ဂိုထောင်တာဝန်ခံ အသက် ၄၆ နှစ်အရွယ် စိုးနိုင်တို့ကိုပဲ တွေ့ခဲ့ပြီး ဂိုထောင်ထဲမှာ ရပ်ထားတဲ့ လင်ခရူဆာကားကို စစ်ဆေးခဲ့ပါတယ်။
အဲဒီအခါ ကားထဲက ဆပ်ပြာခွက် ၃၁၅၇ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ အလေးချိန် ၃၇.၈၈၄ ကီလို(၁ ကီလိုကို ကျပ်သိန်း ၂၀ဝ နှုန်းနဲ့ တန်ဖိုးငွေကျပ် ၇၅၇၆.၈ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁.၈ သိန်းပြား(၁ ပြားကို ကျပ်၁၅၀ဝ နှုန်းနဲ့ တန်ဖိုးငွေကျပ် ၂၇၀ဝ သိန်း) လောက်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီကားကို ဇူလိုင် ၁၉ ရက်နေ့က စက်သုံးဆီဆိုင်ပိုင်ရှင် ကျောက်တဲ့ယုံနဲ့ ညီဖြစ်သူ ကျော်အောင်မြင့်(ခ)ကျောက်ယို့တို့က လာထားခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ မူဆယ်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ ဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ စစ်ဆေးဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။