အတိုက်အခံကိုယ်စားလှယ်များ ရွေးကောက်ပွဲ ၀င်ခွင့်မရသဖြင့် ရုရှားတွင် လူသောင်းချီ ဆန္ဒပြ

ရုရှားနိုင်ငံ မြို့တော် မော်စကိုလွှတ်တော် ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ ကိုယ်စားလှယ်အများစု ဝင်ပြိုင်ခွင့်မရတာကြောင့် မော်စကိုက လမ်းတွေပေါ်မှာ ဇူလိုင် ၂၀ ရက်က လူအယောက် ၁ သောင်းကျော် ဆန္ဒပြခဲ့ကြပါတယ်။
အတိုက်အခံဘက်ယိမ်းသူ ကိုယ်စားလှယ် အယောက် ၃၀ လောက်ကို ရွေးကောက်ပွဲ ကော်မရှင်အရာရှိတွေက ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် တားမြစ်ပိတ်ပင်လိုက်တာပါ။
ကိုယ်စားလှယ်အဖြစ် အရည်အသွေး ပြည့်မီကြောင်း မဲရှင်တွေဆီက လုံလောက်တဲ့ လက်မှတ် မရခဲ့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အမတ် နေရာ ၄၅ နေရာရှိတဲ့ လွှတ်တော်အတွက် ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့် ငြင်းခဲ့ပါတယ်။
ပိတ်ပင်ခံကိုယ်စားလှယ်တွေကတော့ သူတို့ဟာ လိုအပ်တဲ့ လက်မှတ်တွေကို သေသေချာချာ ရခဲ့တယ်၊ ဒါပေမယ့် သမ္မတ ဗလာဒီမီယာ ပူတင်ကို သစ္စာခံတဲ့ ဥပဒေပြု အာဏာပိုင်အဖွဲ့ရဲ့ ထိန်းချုပ်မှုကြောင့် အပယ်ခံရတာလို့ ပြောပါတယ်။
ရုရှားအစိုးရကို ဝေဖန်ရာမှာ အထင်ရှားဆုံး အလက်ဇီ နာဗယ်ညီ ဦးဆောင်တဲ့ ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အတိုက်အခံကိုယ်စားလှယ်တွေကို ဝင်ပြိုင်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို ကျင်းပဖို့ ဒေသန္တရ အာဏာပိုင်တွေက ခွင့်ပြုခဲ့ပြီး ဖမ်းဆီးခံရတာတော့ မရှိသေးပါဘူး။ အရင်အပတ်က ခွင့်ပြုချက်ရရတဲ့ ဆန္ဒပြပွဲအပြီး ရဲတွေက လူ ၂၅ ယောက်ကျော်ကို ဖမ်းခဲ့ပါတယ်။