Home
မြန်မာသတင်း
သထုံမြို့ LED လမ်းမီးတပ်ဆင်ခဲ့ခြင်း ပွင့်လင်းမြင်သာမှု မရှိဟုဆို
DVB
·
July 21, 2019
မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၅၀၀ နဲ့ သထုံမြို့တွင်း LED လမ်းမီးအလုံး ၅၀၀ တပ်ဆင်ခဲ့ရာမှာ ပြည်သူလူထုထံချပြရှင်းလင်းမှုမရှိတဲ့အတွက် ပွင့်လင်းမြင်သာမှုမရှိဘူးလို့ သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။ “အန်တီတို့က နှုတ်နဲ့ ၄၊ ၅ ကြိမ်လောက်မေးမြန်းခဲ့ဖူးတယ်။ ဒါပေမယ့် နှုတ်နဲ့မေးတုန်းက ဖြေထားတဲ့အဖြေနဲ့ အခုစာနဲ့ပြန်တဲ့အဖြေက တခြားစီဖြစ်နေပါတယ်။ အသေးစိတ်ကိုလည်း ဆက်ပြီးမေးမြန်းသွားမှာပါ။ လုပ်နေတဲ့ပုံစံတွေက အခုချိန်ထိ ပွင့်လင်းမြင်သာမှုမရှိသေးပါဘူး” လို့ သထုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ဒီဗွီဘီကို ပြောပါတယ်။ သထုံမြို့တွင်း LED လမ်းမီးတပ်ဆင်နိုင်ဖို့ မြို့နယ်စည်ပင်သာယာအဖွဲ့မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မြို့နယ်လျှပ်စစ်မှ အတွင်းရေးမှူးတာဝန်ယူကာ အဖွဲ့ဝင် ၈ ဦးနဲ့ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ငွေကျပ်သိန်း ၅၀၀ ဟာ မီနီဘတ်ဂျတ်ဖြစ်တာကြောင့် တင်ဒါကင်းလွတ်ခွင့်ပြုပြီး ပွင့်သာကုမ္ပဏီထံမှ LED မီးသီးတွေကို ၀ယ်ယူခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ အကြောင်းပြန်စာအရ သိရပါတယ်။ သထုံမြို့မှာ LED လမ်းမီးတပ်ဆင်တာနဲ့ ပတ်သက်လို့ ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၀၀ ထက်ပိုတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တင်ဒါခေါ်ယူလုပ်ကိုင်ရမှာဖြစ်ပေမယ့် မီနီဘတ်ဂျတ်ဖြစ်တဲ့အတွက် တင်ဒါမခေါ်ယူဘဲ ကော်မတီဖွဲ့ဆောင်ရွက်ရာမှာ ဖွံစည်းထားသော့ ကော်မတီဖွဲ့စည်းပုံနဲ့ ဆောင်ရွက်ချက်တွေ၊ ဘတ်ဂျတ်ငွေသုံးစွဲမှုတွေမှာ အများပြည်သူသိရှိအောင် ပွင့်လင်းမြင်သာစွာချပြမှု မရှိတာတွေနဲ့ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် စာရင်းရှင်းတမ်းထုတ်ပြန်နိုင်ခြင်း မရှိတဲ့အပေါ် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့လာခဲ့တာပါ။ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက “ပြည်သူတွေဆိုတာကတော့ သူတို့ စိတ်ဝင်စားတဲ့ အရာတွေနဲ့ အမြင်မရှင်းတာတွေကို သိချင်လို့ဝေဖန်ကြမှာပဲ။ ပြည်သူတွေက အခုလို စိတ်ပါဝင်စားစွာနဲ့ သိချင်စိတ်တွေ ဖြစ်ပေါ်လာတာကိုက ကျနော်တို့အတွက် ၀မ်းသာစရာ၊ ဂုဏ်ယူစရာတခုပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ကအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းမှန်သမျှကို ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ စာထုတ်ပြီး တောင်းဆိုထားတော့ စာနဲ့ပြန်လည်ဖြေကြားပေးသွားမယ်” လို့ ပြောပါတယ်။ LED မီးအလုံး ၅၀၀ တပ်ဆင်ဖို့အတွက် ဆက်စပ်ပစ္စည်းဝယ်ယူခဲ့ရာမှာ ငွေကျပ် ၄၈၅ သိန်းလောက် ကုန်ကျခဲ့တာဖြစ်ပြီး ကျပ်သိန်း ၅၀၀ အတွက် အခွန်ငွေ ၁၀ သိန်း၊ လမ်းမီးတပ်ဆင်ခအတွက် ငွေကျပ် ၁၀ သိန်း ကုန်ကျခဲ့ကြောင်း သထုံမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရပါတယ်။ လမ်းမီးကိစ္စနဲ့ပတ်သက်လို့ သထုံမြို့ရှိဒေသခံတွေကြားမှာ မီးလုံးရဲ့ဈေးနှုန်း၊ အရည်အသွေးနဲ့ အာမခံချက်၊ လမ်းမီးတပ်ဆင်ပြီး ၃ လလောက်အကြာမှာ တချို့မီးလုံးတွေ မီးမလင်းတော့တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ ဒေသခံတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ သတင်း/ဓာတ်ပုံ - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024