ဖမ်းဆီးထားသည့် ဗြိတိန်သင်္ဘော ဘန်ဒါအဘတ်စ်ဆိပ်ကမ်းတွင်ရှိဟု အီရန်ပြော
ဟော်ဇ်မုခ် ရေလက်ကြားမှာ ဖမ်းဆီးလိုက်တဲ့ ဗြိတိန် ရေနံတင်သင်္ဘောကို အနီးဝန်းကျင်က ဘန်ဒါအဘတ်စ် ဆိပ်ကမ်းဆီ ခေါ်ဆောင်ထားတယ်လို့ အီရန်အရာရှိတဦးက ဇူလိုင် ၂၀ ရက်နေ့မှာ ပြောပါတယ်။
သင်္ဘောနဲ့ သင်္ဘောအမှုထမ်းတွေဟာ အဲဒီဆိပ်ကမ်းမှာ ရှိနေပြီး မတော်တဆမှုကို စုံစမ်းနေတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။
အီရန် ဆိပ်ကမ်းနဲ့ ရေကြောင်းအဖွဲ့အကြီးအကဲက ဗြိတိန်ရေနံတင်သင်္ဘော စတန်နာ-အင်ပယ်ရိုဟာ အီရန် ငါးဖမ်းသင်္ဘော သတိပေးချက်ကို လျစ်လျူရှုပြီး သင်္ဘောနှစ်စီး တိုက်မိခဲ့တယ်လို့ ပြောပါတယ်။
ဗြိတိန်သင်္ဘောဟာ အီရန်တော်လှန်ရေး အစောင့်တပ် ထိန်းကျောင်းမှုအောက်မှာရှိပြီး အမှုထမ်း ၂၃ ယောက်စလုံး သင်္ဘောပေါ်မှာ ရှိတယ်လို့ သူက ထပ်လောင်း ပြောပါတယ်။
ဗြိတိန်သင်္ဘောကို အီရန်က ဖမ်းဆီးလိုက်တာဟာ အနောက်နိုင်ငံတွေနဲ့ အီရန်အကြား ဆိုးရွားနေတဲ့ ဆက်ဆံရေးကို ပိုမိုဆိုးရွားအောင် လုပ်တာဖြစ်သလို အီရန်အစိုးရလုပ်ရပ်ဟာ အန္တရာယ်များတဲ့ လမ်းပေါ် တွန်းပို့နေသလို ဖြစ်နေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်စ်က ပြောပါတယ်။