ပီရူးတွင် မီးတောင် ၂ ကြိမ်ပေါက်ကွဲ၊ ဒေသခံရာချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

ပီရူးနိုင်ငံ တောင်ပိုင်းက အူဘန်နက်စ် မီးတောင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပြီးနောက်မှာ ဇူလိုင် ၁၉ ရက်က အာဏာပိုင်တွေက မီးတောင်ဝန်းကျင်က ရာနဲ့ချီတဲ့ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းပေးခဲ့ပါတယ်။ မီးတောင် အရေးပေါ် သတိပေးချက် ထုတ်ပြန်ပြီးနောက်မှာ ပီးရူးသမ္မတ မာတင်ဗစ်ဇ်ကာရာက လေယာဉ်နဲ့ အနီးဝန်းကျင် မိုကယ်ဂွါ ဒေသကို သွားရောက်ခဲ့ပါတယ်။ သမ္မတ ဗစ်ဇ်ကာရာက “မီးတောင်ပေါက်ကွဲတဲ့ လက္ခဏာဟာ အရင်ပေါက်ကွဲတဲ့ လက္ခဏာတွေနဲ့ မတူဘူး” လို့ ပြောပါတယ်။ မိုကယ်ဂွါ ဒေသမှာရှိတဲ့  အူဘန်နက်စ် မီးတောင်ဟာ နိုင်ငံအတွင်း သက်ဝင်လှုပ်ရှားမှု အရှိဆုံး မီးတောင်ဖြစ်ပြီး မီးတောင်ပြာမှုန်တွေကို ၂၅ ကီလိုမီတာ ပတ်လည်ကို မှုတ်ထုတ်ခဲ့ပြီး လူနေဧရိယာ ၈ ခုထက်မနည်း မီးတောင်ပြာမှုန်ဒဏ်သင့်ခဲ့ပါတယ်။ အရေးပါတဲ့ သတ္တုတွင်းလုပ်ကွက် အများအပြားရှိတဲ့ ပီရူးတောင်ပိုင်းမှာ  သက်ဝင်လှုပ်ရှားတဲ့ မီးတောင် ဒါဇင်နဲ့ ချီပြီး ရှိပါတယ်။ ဒါ့အပြင် ပီရူးနိုင်ငံဟာ “ပစိဖိတ်မီးကွင်း” လို့ခေါ်တဲ့ မြေငလျင်နဲ့ မီးတောင်လှုပ်ရှားမှု အဖြစ်များဆုံးဒေသမှာ တည်ရှိပါတယ်။

//
More News
Up