Home
မြန်မာသတင်း
ပြည်သူ့အသံကြားနာပွဲ ဘားအံမြို့တွင် ပထမဆုံးအကြိမ်ကျင်းပ 
DVB
·
July 19, 2019
အစိုးရနဲ့ ဌာနဆိုင်ရာတွေရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ခံမှု ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ပြည်နယ်အဆင့် ပြည်သူ့အသံကြားနာပွဲကို ဇူလိုင် ၁၇ ရက်က ပထမဆုံးအကြိမ် ကျင်းပပါတယ်။ ပြည်သူလူထုနဲ့အစိုးရကြားမှာ ကြားနာတဲ့ယဉ်ကျေးမှုတရပ် ပေါ်ထွန်းလာစေချင်တယ်လို့ ပြည်နယ်စီမံ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောပါတယ်။ “တိုင်းပြည်အရွေ့တခုကို အတူတူရွေ့ခဲ့ကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့နဲ့က အတူတူပဲဖြစ်တယ်။ ခွဲခြားလို့ မရဘူး။ ဒီလိုပွဲမျိုး လုပ်ပေးချင်းအားဖြင့် ကြားနာမှုယဉ်ကျေးမှုတရပ် ပေါ်ထွန်းလာစေချင်တယ်” ကြားနာပွဲမှာ မြို့နယ်အလိုက်တက်ရောက်လာတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း အဖွဲ့ဝင်တွေက မိမိတို့မြို့နယ်အလိုက် ရင်ဆိုင်ကြုံတွေနေရတဲ့ အခက်အခဲတွေကို ဌာနဆိုင်ရာက ဖြေရှင်းဆောင်ရွက်ပေးနေတာနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ ပြည်နယ်အဆင့် တာဝန်ရှိသူတွေက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ကော့ကရိတ်မြို့၊ သွီးလူထုအခြေပြု လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ဝင် ဦးမောင်မာက“မေးတဲ့ဟာဆိုရင် ထိထိမိမိ တခုမှမတွေ့ရဘူး။ ဘာလုပ်ပေးမယ်ဆိုတာကို ဖြေမသွားဘူး။ တခြားမေးခွန်းတွေထဲမှာလည်း သေသေချာချာနားထောင်တဲ့အခါမှာ ထိရောက်မှု သိပ်မရှိဘူး။ အမေးကတစ်မျိုး အဖြေကတစ်မျိုးနဲ့ လိုက်လျောညီထွေ မရှိဘူး”လို့ ပြောပါတယ်။ Spectrum စီမံကိန်းညှိနှိုင်းရေးမှူး နော်မေခင်သက်ကတော့  “ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေမှာလည်း ဒီလိုမျိုးပြောသွားတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ဖြစ်လား။ မလုပ်ဆောင်ဖြစ်လား။ ကျမတို့ထပ်ပြီးတော့  နောက်ဆက်တွဲ လုပ်ဖို့ရှိပါတယ်။ အတိုင်းအတာ တခုအထိတော့ သွားမယ်လို့တော့ မျှော်လင့်တယ်”လို့ ပြောပါတယ် အခမ်းအနားကို Spectrum( Sustainable Development Knowledge Network )ရဲ့ ကူညီပံ့ပိုးမှု၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ကျင်းပတာဖြစ်ပြီး  ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024