ထိခိုက်ဒဏ်ရာရ သံဃာတော်များ မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့
DVB
·
December 2, 2012
ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲလို့ ထိခိုက်ဒဏ်ရာရရှိခဲ့လို့ မုံရွာ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် အရေအတွက် အတော်များများဟာ မန္တလေး ဆေးရုံကြီးဆီကို ပြောင်းရွှေ့ပြီး ဆေးဝါးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ အထိဆိုရင် ဒဏ်ရာရ သံဃာတော် ၂၄ ပါးနဲ့ လူပုဂ္ဂိုလ် ၂ ဦးတို့ မန္တလေးဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေပါတယ်။
မန္တလေးဆေးရုံကို ရောက်ရှိလာတဲ့ ဒဏ်ရာရ သံဃာတော်တွေကို မြင်တွေ့ရပုံကို ဒဏ်ရာရ သံဃာတော်တွေကို အကူအညီပေးနေတဲ့ မန္တလေး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မအမာနီက အခုလို ပြောပါတယ်။
“ဆရာတော်တပါးကတော့ နားရွက်တွေ မျက်နှာတွေ တော်တော်ဆိုးပါတယ်။ နောက် အပေါ်မှာ ဆရာတော် ၂ ပါးကတော့ ခါးအောက်ပိုင်း ထိခိုက်ထားတဲ့ ဆရာတော်တွေရှိပါတယ်။ ခွဲစိတ်မှုလုပ်နေရတယ်။ အရေခွံတွေ လှန်ထားတော့လေ၊ အရေခွံတွေအကုန်လုံး ခွဲစိတ်မှုလုပ်ပြီး ခွာထားတယ်။ အဲတော့ ပိုးဝင်မှာကြောက်ရတယ်။ မီးလောင်ဒဏ်ရာတွေက ရေဖြန်းပြီး ဗုံးခွဲလိုက်တော့ ရေစိုရင် အမှန်က မီးကငြိမ်းရမှာလေ။ သင်္ကန်းတွေမှာ မီးတွေအကုန်လောင်သွားတယ်။ ဆရာတော်တွေပြောပြတာ မျက်မှန်ကိုင်းအမည်းကြီးကနေ လုံးဝဖြူဖွေးသွားတယ်။ ဆရာတော်ပြောပုံအရဆိုရင် ဖြန်းတဲ့ရေမှာကိုက တခုခုပါပုံရတယ်။”
သံဃာတော် ၁၉ ပါးကို မန္တလေးက လူနာတင်ယာဉ်တွေနဲ့ ထပ်မံပြီး သွားရောက် ပင့်ဆောင်နေတယ်လို့ မအမာနီက ပြောပါတယ်။ သံဃာတော်တွေ အများစုက မန္တလေးဆေးရုံမှာ ရောက်ရှိ ဆေးဝါးကုသမှုခံယူတာနဲ့ ပတ်သက်ပြီး သူက ဆက်ပြောပါတယ်။
“သံဃာတွေက ဒီမှာပဲ စည်းစည်းလုံးလုံးနေချင်တဲ့ သဘောလည်းဖြစ်နိုင်တယ်။ နောက် လုံခြုံမှုအတွက်လည်း ဖြစ်နိုင်တယ်။ ဒီမှာက မန္တလေးသံဃာထုအင်အားလည်းများတယ်၊ အသင်းအဖွဲ့ လူအင်အားလည်းများတယ်။ ဒီမှာက ဆေးဝါးပိုလွယ်ကူတယ်ပေါ့။”
မန္တလေးဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ သံဃာတော်တွေကို မန္တလေးခရိုင်အုပ်ချုပ်ရေးအဖွဲ့က လာရောက်ကြည့်ရှုတာတွေတော့ ရှိပြီး သံဃာတော် အများစုက အုပ်ချုပ်ချုပ်ရေးအဖွဲ့ရဲ့ အထောက်အပံ့ကို လက်မခံဘူးလို့လည်း မအမာနီက ပြောပါတယ်။