လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ဖွဲ့စည်း
DVB
·
December 2, 2012
[caption id="attachment_33813" align="alignleft" width="300" caption="နိုဝင်ဘာလ ၂၉ ရက်နေ့ည သပိတ်စခန်းအကြမ်းဖက်ဖြိုခွဲခံရမှု မြင်ကွင်း"][/caption]
ပဋိပက္ခဖြစ်ပွားနေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် နိုင်ငံတော် သမ္မတက စုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံပိုင် သတင်းဌာနတွေက ထုတ်ပြန်ကြေညာပါတယ်။
အဲဒီစုံစမ်းရေးကော်မရှင်မှာ အဖွဲ့ဝင် ၃၀ ပါဝင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်မှာဖြစ်တယ်လို့ အစိုးရထုတ်ပြန်ချက်အရ သိရပါတယ်။
ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို စုံစမ်းရေးကော်မရှင်မှာ ထည့်သွင်းထားပြီး ၈၈ အဖွဲ့ကတော့ စုံစမ်းကော်မရှင်မှာ ပါဝင်ဖို့ ဆန္ဒမရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် သင့် မသင့်နဲ့ ဆန္ဒပြမှုတွေကို ထိန်းသိမ်းတဲ့ ဖြစ်စဉ်တွေအပေါ် အခြေအနေမှန်ကို အဲဒီ စုံစမ်းရေးကော်မရှင်က ထုတ်ဖော်ပေးရမှာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၃၀ ပါဝင်တဲ့ အဲဒီကော်မရှင်မှာ ဒေသခံတောင်သူ ၃ ဦးသာ ပါဝင်တဲ့အတွက် ဒေသခံတွေဘက်က လုံလောက်တဲ့ ကိုယ်စားလှယ် မပါဝင်ဘူးလို့ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာဒေသခံ ကိုအောင်ဇော်ဦးက ပြောပါတယ်။
စုံစမ်းရေးကော်မရှင်ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ နိုင်ငံတော်အတွက် အကျိုးသက်ရောက်မှုတွေ ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ဒေသခံတွေရဲ့ ဆန္ဒဖော်ထုတ်မှု အကြောင်းတရားတွေ၊ ရဲတပ်ဖွဲ့ကနေ ဆန္ဒပြသံဃာတော်တွေကို အင်းအားသုံး အကြမ်းဖက် ဖြိုခွဲခဲ့ရာမှာ ထိခိုက်ဒဏ်ရာ ရရှိတာတွေကို စုံစမ်းစစ်ဆေးကာ ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံ တင်သွင်းပေးရမှာ ဖြစ်ပါတယ်။